Friday, February 8, 2013

NDF ပါတီအမတ်တစ်ဦးထဲကနေ ဒုဝန်ကြီးတစ်ဦးထွက်ပေါ်ခဲ့တဲ့အပေါ် ပြောဆိုနေကြတာတွေများလွန်း

NDF ပါတီအမတ်တစ်ဦးထဲကနေ ဒုဝန်ကြီးတစ်ဦးထွက်ပေါ်ခဲ့တဲ့အပေါ် ပြောဆိုနေကြတာတွေများလွန်းလို့ပါ။ မိုးကုတ်ကိုတိုးတိုးရဲ့စာစုလေးပြန်ရှဲပေးလိုက်ပါတယ်။ ပါတီဥက္ကဌကနေသတင်းဂျာနယ်အမျိုးမျိုးရဲ့မေးမြန်းမှုတွေကိုပြန်လည်ဖြေကြားတဲ့ သဘောထားတွေကိုအခြေခံထားတာဖြစ်လို့ ပါတီရဲ့ official facebook မှာတော့တင်သင့်တယ်ထင်လို့တင်ပေးလိုက်တာပါ။

မေး။ အခု NDF က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကို ဟိုတယ်နှင့် ခရီးသွားလာရေး ဒုဝန်ကြီးခန့်အပ်ခံရမှုအပေါ် ဘယ်လိုမြင်ပါသလဲ။




ဖြေ။ အရှင်းဆုံးပြောရရင်တော့ အတော်ထူးဆန်းတာပဲ။ ကြံ့ခိုင်ရေးပါတီအပြင်က လူတစ်ယောက်ကို ခန့်တယ်ဆိုတာ သမိုင်းမှတ်တမ်းတင်ရမယ့်အဖြစ်ပဲ။ ဘာကြောင့်လဲဆိုတော့ အာဏာရပါတီက အမတ်ဦးရေ ပိုများပါတယ်။ ကျွန်တော်တို့ပါတီက လူက သိပ်ရှိလှတာ မဟုတ်ဘူး။ အခြား ကျွန်တော်တို့ထက် အမတ်ဦးရေပိုများတဲ့ ပါတီတွေ ရှိနေတာပဲ။ ပြီးတော့ သူတို့နဲ့ကလည်း အပြန်အလှန်နားလည်ရေးရှိဖို့ လည်း လိုအပ်နေတယ်။ အမှန်က သူတို့ထဲကနေလည်း ပိုပြီး ရွေးသင့်တယ်။ ဒါဆိုရင်လည်း နိုင်ငံတကာကို အပြကောင်းပါလိမ့်မယ်။ အခုတော့ ဘာကြောင့် ရွေးချယ်သလဲဆိုတာ သိပ်မသိဘူး။

ဒေါက်တာတင်ရွှေအကြောင်းကို ပြောပြရရင်တော့ သူက ၂၀၁၀ ကျမှ ရွေးကောက်ပွဲဝင်ပြိုင်ပြီး အမတ်ဖြစ်လာ တာ။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၆)ဆိုတော့ ကမာရွတ်၊ ကြည့်မြင့်တိုင်၊ လှိုင်၊ လသာ၊ လမ်းမတော်၊ အလုံနဲ့ ဆိပ်ကမ်းမြို့နယ်တွေ ပါဝင်တယ်။ လသာ၊ အလုံနဲ့ လမ်းမတော်က NDF ပြည်သူ့လွှတ်တော်အမတ်တွေ နိုင်ခဲ့တယ်။ ကျန်တဲ့ နေရာတွေက အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ကပ်ရှုံးခဲ့တာ များတယ်။ ဒါကြောင့် အမျိုးသားလွှတ်တော်မှာ အနိုင်ရခဲ့ တယ်။ သူက ပထမတော့ သာမန်ပါတီဝင်တစ်ဦးပါပဲ။ နောက် ပါတီကနေ လွှတ်တော်အမတ်တွေကို ဗဟိုဦးစီးကော်မတီ ၀င်အဖြစ်တိုးမြှင့်တာဝန်ပေးခဲ့ပြီးနောက် ဗဟိုဦးစီးကော်မတီဝင်ဖြစ်လာပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီကို အထောက် အကူ ပြုနိုင်မယ့် ဗဟိုအလုပ်ကော်မတီမှာ တာဝန်ပေးထားပါတယ်။

ဒေါက်တာတင်ရွှေအနေနဲ့တော့ ပါတီအလုပ်ထက် လွှတ်တော်ကိုယ်စားလှယ်အလုပ်ကို ပိုဦးစားပေးပုံရပါတယ်။

လွှတ်တော်အမတ်တွေပြောတာကတော့ ဒေါက်တာတင်ရွေ့က သူရတဲ့ ကိုတာအပြည့် မေးခွန်းနဲ့ အဆိုတွေကို လွှတ်တော်တိုင်းမှာ မေးနိုင်ခဲ့တယ်လို့ ဆိုတယ်။

ဘာတွေကို အကျိုးရှိရှိမေးနိုင်ခဲ့သလဲလို့ဆိုရရင်တော့ မေးထားတာတွေက များနေတော့ ထိရောက်တာကို ရှာကြည့်ရပါဦးမယ်။ ပိုဆိုးတာက အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ဝက်ဆိုက်တွေမရှိတော့ အဲ့ဒီကသတင်းတွေကို သတင်းစာမှာပဲ အကျဉ်းဖတ်ရတယ်။ စာအုပ်ထုတ်တော့လည်း အခုမှ ဒုတိယအကြိမ် လွှတ်တော် မှတ်တမ်းပဲ ထွက်သေးတယ်။ အခုက ခြောက်ကြိမ်မြောက်တောင် ရောက်နေပြီ။



မေး။ အစိုးရနောက်မြီးဆွဲပါတီမို့ ပေးတာဆိုပြီး ပြောနေသူတွေက ပြောနေကြတယ်။ ဒါကိုဘယ်လိုပြောချင်တာလဲ။

ဖြေ။ NDF ဟာ အစိုးရရဲ့နောက်မြီးဆွဲပါတီဟုတ်မဟုတ် ၂၀၁၀ တုန်းက မှတ်ကျောက်တင်ခဲ့ပြီးပြီ။ မိုးထဲရေထဲမှာ ကြံ့ခိုင်ရေးပါတီက အလူးအလဲနဲ့ မနိုင်နိုင်အောင် ဖန်တီးသွားခဲ့တာကို အားလုံးမှတ်မိနေကြဦးမယ်ထင်ပါတယ်။ အဲ့ဒီတုန်း က NDFကနေ၀င်ပြိုင်ကြတဲ့သူတိုင်းဟာ အဟန့်အတား၊ အနှောင့်အယှက်တွေမျိုးစုံကြားကနေ ရင်ဆိုင်ရုန်းထွက်ခဲ့ရတာ ပါ။ နိုးဘုတ်နဲ့ ကြိုတင်မဲဆိုတဲ့နောက်မှရောက်လာတဲ့မဲထုတ်တွေကြောင့် နေရာအများစုမှာ ရှုံးခဲ့ရတာ။ ကိုယ့်ဖက်က လည်း ရှိတဲ့လူတွေနဲ့ လုပ်ရတော့ အချို့နေရာတွေမှာ မဲရုံကိုယ်စားလှယ်တောင် မထားနိုင်ဘူး။ NDF ရဲ့မူဝါဒက ပြည့်သူ့အတွက်ပဲ။ ပြည်သူ့အကျိုးကိုပဲ ကြည့်တယ်။ပြည်သူကိုပဲသစ္စာခံတယ်။ အခြားဘယ်သူ့ကိုမှ သစ္စာမခံဘူး။ လွှတ်တော်မှာလည်း NDF ကိုယ်စားလှယ်တွေက အခြားသူတွေထက် ထိရောက်အောင် ပြောဆိုလုပ်ဆောင်နိုင်ခဲ့တယ်။

အချို့က အစိုးရကို အထောက်အကူပြုတဲ့ပါတီကမို့ ရွေးပေးတာလို့၊ ဆုချာတာပါလို့ ဆိုတာကလည်း ထင်ရာမြင် ရာပြောနေတာပါ။ကျွန်တော်တို့ပါတီရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ပြည်သူလူထုအကျိုးကိုပဲ အဓိကထားတယ်။ ပြည်သူအတွက်လိုအပ်တာကို ပြောမယ်။ အရေးဆိုမယ်။ ပြည်သူတွေအတွက် ကောင်းအောင်လုပ်ပေးရင် ထောက်ခံမယ်။ ဆိုးတာတွေဖြစ်စေမယ်ထင်ရင် ကန့်ကွက်မယ်။ ကျွန်တော်တို့ လွှတ်တော်တွေမှာတင်တဲ့ အဆိုနဲ့မေးခွန်းတွေအားလုံးဟာ ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုပဲဖြစ်တယ်။ ဒါပေမယ့် အချို့အဆိုတွေ၊ မေးခွန်းတွေက ခေါက်ထားခံရတယ်။ ချန်ထားတယ်။ အဆိုကို မေးခွန်းပြောင်းခိုင်းတယ်။ လွှတ်တော်မှာဖြေရမှာကို စာနဲ့ဖြေတယ်။ ကိုယ်တင်ထားတဲ့အဆို တွေနဲ့ ဆင်တူရိုးမှား အဆိုတွေမေးခွန်းတွေ တက်လာတယ်။ ဒါတွေကို ဆွေးနွေးဖြေကြားကြတယ်။ ဥပမာအားဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အဆိုက ပထမဦးဆုံး လွှတ်တော်အစမှာတင်တဲ့မေးခွန်း၊ ဒါကို မီဒီယာကို အရင်ပြောလို့ဆိုပြီး ပယ်ချခံရတယ်။ စိုက်ပျိုးစရိတ်တိုးပြီးချေးဖို့ဆိုတာလည်း ပထမ မလုပ်ဘူးဆိုတာကနေ အခု တစ်သိန်းအထိ ရောက်လာပြီ။

ပင်စင်ကိစ္စလည်း ထိုနည်းတူပဲ။ မလုပ်ပေးနိုင်ဘူးဆိုပြီး နောက်တော့လုပ်ဖြစ်သွားတယ်။ လယ်ယာမြေသိမ်းခ့ရတဲ့ကိစ္စတွေ ကလည်း နောက်ဆုံးလွှတ်တော်ကနေ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးတဲ့အထိ ဖြစ်လာတယ်။ သီးနှံအာမခံစနစ်လည်း ထိုနည်းတူပဲ ။ မသင့်တော်သေးပါဘူးဆိုတာကနေ လုပ်လာရပြီ။ SME တွေကို ငွေတိုးပြီးချေးပေးနေရတယ်။ လယ်ယာကို လည်း ၁၀ဧကအထက်ပိုင်ရှင်တွေကိုလည်း ထုတ်ချေးဖို့၊ ဂရံစနစ်နဲ့ပေးဖို့၊ လိုအပ်တဲ့အထောက်အကူတွေကိုပေးနိုင်ဖို့၊ ဓာတ်မြေသြဇာကိစ္စဖြေရှင်းပေးဖို့၊ နောက်ဆုံး ပုလဲသွယ်စပ်မျိုးစပါးကိစ္စအကြာင်းအထိ မေးမြန်းခဲ့တယ်။ ဆက်သွယ်ရေး ဥပဒေကြမ်းကိုလည်း ပြည်သူတွေအတွက်လိုအပ်ချက်ကို အဓိကထားပြီး တင်ခဲ့တယ်။ ဒါကို နောက်မှ အမှီလိုက်ပြီး ၀န်ကြီးဌာနက တင်ရတယ်။ နိုင်ငံသားအခွင့်အရေးဥပဒေကြမ်းကိုလည်း နောက်ဆုံးဥပဒေကြမ်းရေးဆွဲဖို့ အဆိုအဖြစ် ပြောင်းလဲပြီး အားလုံးပါဝင်ပြီး ရေးဆွဲနေတယ်လို့ သိရတယ်။

ဒါကြောင့် ကျွန်တော်တို့က ပြည်သူ့ကိုအဓိကထားပြီးရပ်တည်တဲ့ပါတီဖြစ်တယ်။ ပြည်သူအတွက်ပြောစရာ ရှိတာကို ပြောမယ်။ တရားမမျှတဘူးထင်ရင် ကန့်ကွက်မယ်။ လိုအပ်တဲ့မေးခွန်းတွေကို မေးမယ်။ အခြေခံဥပဒေခုံရုံးကိစ္စ ဖြစ်တုန်းက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စစ်တဲ့ပုံစံဟာ နည်းလမ်းမကျလို့ နည်းလမ်းဥပဒေတွေ ပြဌာန်းဖို့လိုတဲ့ အကြောင်း စတုတ္ထအကြိမ်က တင်ခဲ့တယ်။ ဒါကို နောက် ဆဌမအကြိမ်မှ ဒီအဆိုက ထွက်လာပြီး သမ္မတနဲ့ လွှတ်တော် အကြားမှာ ပြဿနာဖြစ်နိုင်တယ်ဆိုပြီး လွှတ်တော်အမတ်ကိုခေါ်ပြောတယ်။ လွှတ်တော်အမတ်က ဒါ ပါတီကတင်ခိုင်းတာ မို့ ပြန်ရုပ်သိမ်းဖို့ဆိုရင်ပါတီနဲ့ ပြန်ညှိနှိုင်းဖို့လိုတယ်လို့ပြောတော့ လွှတ်တော်အမတ်တွေက ပါတီစွဲမရှိရဘူးလို့ ဆိုခဲ့တယ်။

လွှတ်တော်ထဲမှာ ဘယ်ပါတီက အားကြီးနေသလဲ။ လွှတ်တော်ထဲကို ပါတီကအမတ်တွေ မရောက်ဘဲ ဘယ်ကလူတွေ ရောက်နေလို့လဲ။ လွှတ်တော်ဆိုတာ ပါတီနိုင်ငံရေးရဲ့ အဆင့်အမြင့်ဆုံးအားပြိုင်ရာနေရာပါပဲ။ ဒါကိုတော့ နားလည်ကြဖို့ လိုတယ်။ လွှတ်တော်ထဲရောက်ရင် ပါတီကိုမေ့ထားလိုက်ဆိုကြရင် နောက်တစ်ခါ ခင်ဗျားတို့ ဘယ်ပါတီကနေ ၀င်ပြိုင်ကြမှာလဲ။ကိုယ်ကနာမည်သိပ်ကြီးလွန်းလို့ တသီးပုဂ္ဂလအဖြစ် ၀င်ပြိုင်ကြမှာလား။ ဒါကြောင့် လွှတ်တော်ဥက္ကဌနဲ့ ပါတီနဲ့ကတော့ နည်းနည်းဟန့်သွားပြီ။ ပါတီကတော့ ပြောစရာရှိတာကို ဆက်ပြောနေမှာပါပဲ။

သမ္မတကြီးလည်း လက်ရှိလုပ်ဆောင်နေတာတွေက ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်နေတာဖြစ်လို့ ထောက်ခံပါတယ်။ အခြားတစ်ဖက်ဖြစ်သွားရင်တော့ ကျွန်တော်တို့က ထောက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ပြည်သူလူထုကို အခြေပြုထားတဲ့ ဒီမိုကရေစီဘက်တော်သားစစ်စစ် ပါတီပါ။ ယိမ်းတာ၊ယိုင်တာ၊ လွှမ်းမိုးတာတွေ မရှိဘူး။ ပါတီရဲ့ မူဝါဒနဲ့ လမ်းစဉ်တွေအပေါ်မှာ ခိုင်ခိုင်မာမာရပ်ထားပြီးဆက်လက်ချီတက်နေဦးမှာပဲ ဖြစ်တယ်။ ပါတီခေါင်းဆောင် တွေကလည်း ၁၉၈၈ ကတည်းက ပါဝင်လာခဲ့တဲ့ ထုသားပေသားကျနေတဲ့၊ ဒေါင်ဒေါင်မြည် ခေါင်းဆောင် တွေပဲ။ ဒီမိုကရေစီသွေး တစ်စက်ကလေးမှ မလျှော့သွားပါဘူး။ ဒါကို အစိုးရလိုလားတဲ့ပါတီ၊ အစိုးရဘက်ယီမ်းတဲ့ပါတီလို ကင်ပွန်း တပ်ကြသူတွေက တပ်ပါစေ။ သူတို့ဘာလဲဆိုတာကလည်း သမိုင်းက အဆုံးအဖြတ်ပေးသွားပြီးပြီပဲ။ အခုမှ သမိုင်းပြန် ဆည် နေကြရတာ။ ဒါတောင် အသွားမတတ်ရင် လမ်းပျောက်သွားနိုင်သေးတယ်။



မေး။ ပီအာစနစ်ကြောင့် ပေးတာလို့ပြောတာကိုတွေ့လိုက်ရတယ်။ ဘယ်လိုပြောချင်ပါသလဲ။

လူတစ်ယောက်ကရေးထားတာဖတ်လိုက်ရတယ်။ ပီအာ အချိုးကျကိုယ်စားပြုစနစ်ဆိုတာကို တင်ပြလို့ အစိုးရက ဆုချီးမြှင့်လိုက်တာဆိုပဲ။ အတော်ရီရတာပဲ။ ပီအာဆိုတာနဲ့ ကျွန်တော်တို့ပါတီကို ၀ိုင်းဆော်ကြတော့တာပဲ။ ပါတီတစ်ခုက တူးတူးခါးခါးကို ပီအာကိုမုန်းနေတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ မှာ အပြတ်အသတ်နိုင်မယ်ဆိုပြီး မျှော်လင့်ချက်ကြီး ဖြစ်နေတော့ ဒီပီအာကြောင့် သူတို့ဝေစုနည်းသွားမှကို သိပ်စိုးရိမ်နေတယ်။ ဒါကိုလည်း သူတို့ဘက်က နေလိုက်ပြီး မီဒီယာပေါင်းစုံက ပီအာဆိုတာ တိုင်းပြည်ဖျက်မယ့် အန္တရယ်ကြီး၊ တိုင်းပြည်ကိုချောက်ကမ်းပါးထဲကျအောင် ထိုးချနေတဲ့ အမျိုးသားသစ္စာဖောက်ကြီးများတဲ့။ ပီအာစနစ်တင်တဲ့သူတွေက ဒုတိယဂဠုန်ဦးစောလို့တောင် ကင်ပွန်းတပ် သူ တွေက တပ်ခဲ့ ကြသေးတယ်။

၂၀၁၅ မှာ ဖြစ်နိုင်ချေရှိတဲ့ နိုင်ငံရေးအခြေအနေနှစ်ရပ်ကြောင့် ကြားထွက်ပေါက်ဖြစ်နိုင်ခြေရှိတဲ့ ပီအာစနစ် ဆိုတာကို ကျွန်တော်တို့ပါတီခေါင်းဆောင်တွေက ပြည်သူတွေ သိဖို့ ဖော်ထုတ်တင်ပြပေးတာပါ။ အခြားနိုင်ငံတွေမှာ သုံးနေကြပါတယ်။ အခုမှပေါ်လာတဲ့ စနစ်အသစ်မဟုတ်ပါ။ ပြည်သူလူထု ကိုယ်စားပြုမှုရဲ့ စစ်စစ်မှန်မှန်ကို ရစေချင်လို့ ပါ။ အသားကျနေတဲ့ စနစ်နဲ့ကတော့ တစ်ခြားစီပါ။ ဒီမှာလည်း အဆင့်တွေ၊ လုပ်ဆောင်ရမှာတွေ၊ ပြင်ဆင်ရမှာတွေက အစိုးရ၊ ကော်မရှင်၊ ပါတီတွေနဲ့ ပြည်သူလူုထုတွေအားလုံး အကြုံးဝင်ပါတယ်။ တကယ်တန်းဖြစ်လာရင် ပါတီတွေက ပိုပြီး သြဇာကြီးလာနိုင်ပါတယ်။

ပြည်သူလူထု ထောက်ခံမှုမရတဲ့ပါတီအဖွဲ့အစည်းတွေက လွှတ်တော်ထဲရောက်လာမှာ မဟုတ်ပါဘူး။ အခြားသူတွေပြောနေကြသလို အစွန်းရောက်တွေ၊ ဘာတွေ ညာတွေ လွှတ်တော်ထဲရောက်လာမယ်ဆိုကြတယ်။ ကျွန်တော်တို့မှာ ပါတီမှတ်ပုံတင်ဥပဒေရှိတယ်။ ရွေးကောက်ပွဲဥပဒေတွေရှိတယ်။ ဒီလိုလူမျိုးတွေ ရောက်မလာအောင် ဘယ်လို ရေးဆွဲပြဋ္ဌာန်းကြမလဲဆိုတာကို လုပ်လို့ရနိုင်ပါတယ်။ လုပ်သင့်တာတွေကို ဆက်စဉ်းစားကြပေါ့။ သေချာတာကတော့ ၁၈ နှစ်ပြည့် နိုင်ငံသားတိုင်း မဲစာရင်းမှာပါလာရင် မဲပေးကြရမှာပဲ။ သူတို့ကိုမဲဆွယ်နိုင်ရင် ကိုယ်အနိုင်ရမှာပါပဲ၊ လွှတ်တော်မှာကိုယ့်ဖက်က ပြန်ကြီစိုးနိုင်ဖို့ မျှော်လင့်နေတယ်ဆိုရင် လက်ရှိကြိးစိုးနေတဲ့ ကိုယ့်ပြိုင် ဘက်တွေက လွယ်လွယ်ကလေးနဲ့ အလျှော့ပေးသွားမှာလား။ ဒါမှမဟုတ်ရင် ဘယ်လိုလုပ်ဖို့ ရှိနေသလဲဆိုတာကို တွေးထားဖို့လည်း လိုပါတယ်။ မြန်မာ့နိုင်ငံရေးဟာ ထည့်တွင်းတွက်ချက်ရမယ့် Xဖက်တာတွေဆိုတဲ့ မသိကိန်းတွေ အများကြီးရှိနေတယ်။ ဘာကိုမှ ရတိပြတ် ပြောလို့မရဘူး။ ကြားမှာ အချိန် သုံးနှစ်ရှိနေတယ်။ ဒီသုံးနှစ်အတွင်းကာလမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နိုင်ပါတယ်။

ပီအာကို ပွဲထုတ်ပေးလို့ ချီးမြှင့်တာဆိုရင် ပါတီကို လာကြည့်စေချင်ပါတယ်။ ပါတီဥက္ကဌနဲ့ ခေါင်းဆောင်တွေက ရုံးကို လိုင်းကားစီးလာရတယ်။ အငှါးကား တစ်ခါတစ်လေ စီးလာရတယ်။ ပါတီရုံးခန်းကလည်း ငှါးထားရတာ။ မကြာခင် စာချုပ်က နှစ်စေ့တော့မှာ။ ဒီအတွက် အလှူငွေလိုက်ရှာရဦးမယ်။ လှူမယ့်သူတွေက အတော်ရှားတယ်။ နာမည်ကြီးနေသူထံကိုပဲ သွားနေကြတယ်။ ဒီထဲကနေ ရနိုင်သမျှ အလှူငွေ၊ ရံပုံငွေတွေကို ရှာနေရတယ်။ တိုင်းနဲ့ပြည်နယ်တွေကို စည်းရုံးရေး ဆင်းရမယ့် ကိစ္စတွေမှာတောင် ဘဏ္ဍာရေးအခြေအနေအရ နယ်တွေ သိပ်မသွားနိုင်ဘူး။ ပါတီရုံးမှာ မော်ဒန်အောက်နေတဲ့ ကွန်ပြူတာအစုတ်တစ်လုံး ရှိတယ်။ အင်တာနက်မချိတ်နိုင်လို့ ဘေးဆိုင်မှာ တစ်နာရီလေးရာနဲ့ သုံးပြီး သတင်းတင်၊ သတင်းပို့ လုပ်နေရတယ်။ တကယ်တမ်းကူညီမယ်ဆိုရင် နိုင်ငံတော်ပိုင်တိုက်ခန်းလေးတွေ ငှားပေးသင့်တာပေါ့။ အခုတော့ အစိုးရဖက်က ဆုလာဒ်ပေးတယ်ဆိုတာကတော့ ကျွန်တော်တို့က အရမ်းရယ်ချင်တာပဲ။ ပါတီကနေ ၀န်ကြီးတစ်ယောက် ဖြစ်သွားလို့ ဂုဏ်သိက္ခာရှိတာထက် ပါတီအတွက် လွှတ်တော်အမတ်တစ်ယောက်လျော့သွားတာက ပါတီကို ပိုထိခိုက် စေတယ်လို့ပဲ မြင်ပါတယ်။
credit to ko toe toe

No comments:

Post a Comment