Friday, February 8, 2013

ပြောင်းလဲရမည့် စီးပွါးရေးမှုဝါဒ၊ မြေယာမှုဝါဒနှင့် နိုင်ငံရေး ထွက်ပေါက်ဆီသို့

  • February 5, 2013

မြန်မာနိုင်ငံသည် ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်၊ သယံဇာတများနှင့် လူသားရင်းမြစ်တို့ ကြွယ်ဝ၍ တိုင်းပြည်က ချမ်းသာပါသည်။ သို့သော် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ စစ်တမ်းများအရ မြန်မာ့လူဦးရေ၏ ၃၀%သည် တစ်နေ့လျှင် နှစ်ဒေါ်လာ ၀င်ငွေအောက် ၌သာ ရှိ၍ ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်နေ သည်ဟု ဆိုပါသည်။ ထို့ကြောင့် သဘာဝသယံဇာတများ ပေါ်ကြွယ်ဝသော်လည်း ပြည်သူ တွေဆင်းရဲနေလျှက် ရှိကြသည်ဟု ဆိုရပါမည်။ နိုင်ငံ တော်က ကြီးကြပ်၍ နိုင်ငံတော်အဆင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဆင်းရဲမှု လျော့ပါးရေးကို စတင်ကိုင်တွယ်လျှက် ရှိနေပေပြီ။

ဆင်းရဲမွဲတေမှုသည် စီးပွါးရေးမဖွံ့ဖြိုးသောကြောင့် ရရှိသော လူမှုစီးပွါးရေး ရောဂါဖြစ်သည်။ မြန်မာ့စီးပွါးရေး တိုးတက်ဖွံဖြိုးမှု မရှိခြင်းသည် စီးပွါးရေး ပိတ်ဆို့မှု ဒဏ်ကြောင့် ဆိုသည်ကို အချို့က လက်မခံပါ။ စီးပွါးရေး စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့်သာဟု ဆိုကြသည်။ သို့ဆိုပါက စီးပွါးရေး စီမံခန့်ခွဲမှု များကို ပြုပြင်လိုက်ရုံဖြင့် မြန်မာ့စီးပွါး ဖွံ့ထွားစည်ပင်လာနိုင် စရာ ရှိပါမည်လော။ အတတ်မပြောနိုင်ပါ။ ထို့အတူ လယ်ယာ မြေကို ထွန်ယက် စိုက်ပျိုးရုံဖြင့် စပါးသီးနှံ အထွက်ကောင်းမည်ဟု ပြောနိုင်ပါမည်လော။ မပြောနိုင်ပါ။ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး နှင့် သင့်တင့်မျှတသော စိုက်ပျိုး ရေ၊(မိုးရွာသွန်းမှုအပါအ၀င်) စသည်တို့ လိုမည်ဖြစ်ပါသည်။ ထို့ကြောင့် စီးပွါးရေး စီမံခန့်ခွဲမှု ကောင်းစေခြင်း နှင့် အတူ နိုင်ငံ တကာရင်းနှီးမြုတ်နှံမှု၊ ကျွမ်းကျင်မှုနှင့် နည်းပညာတို့ စီးဝင်စေရန် စီးပွါးရေး ပိတ်ဆို့မှု ဖယ်ရှားရေးသည် စီးပွါး ဖွံ့ဖြိုးတိုးတက် ရေး အဟန့်အတားများကို ဖယ်ရှားရာဖြစ်၍ ထိုအတွက် ဒင်္ဂါးပြားတစ်ချပ်၏ ခေါင်းနှင့်ပန်းသဖွယ် ဖြစ်သည်ဟု လက်ခံ နိုင်မည်ဆိုလျှင် မြန်မာ့ စီးပွါးရေး ထွက်ပေါက်၏ လားရာကို မြင်တွေ့နိုင်ပါမည်။ ထို့ပြင် တိုင်းပြည်ချမ်းသာ၊ ပြည်သူဆင်းရဲ သည့်အဖြစ်က ကျွတ်လွတ်ရာ လမ်းစ တည်းပင် ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် အတိတ်နိုင်ငံရေး ဖြစ်စဉ်တို့ကို ပြန်လည် တူးဆွနေခြင်း၊ ပစ္စုပန်နိုင်ငံရေး ဖြစ်စဉ်အပေါ် အစွဲမကင်းစွာ ဝေဖန်နေခြင်း တို့သည် နိုင်ငံရေးထွက်ပေါက်ကို မရောက်စေနိုင်ဘဲ နိုင်ငံရေး အဆိုးကျော့ သံသရာထဲ ၀ဲနှစ်နေမည်သာ ဖြစ်သည်။ ယင်းတို့သည် တိုင်းရင်းသား ပြည်သူလူထု မျှော်မှန်းခဲ့သော အမျိုးသား ရင်ကြားစေ့ရေး ဖြစ်စဉ်၏ အနီးကပ်ရန်သူ သဖွယ်သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အမျိုးသား အင်အားစု များအကြား နိုင်ငံရေးယုံကြည်မှု တည်ဆောင်နိုင်ရေး မှတစ်ဆင့်  အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်သူတစ်ရပ်လုံး စီးပွါးရေးဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ လူ့ဘောင်သို့ အရောက်ချီနိုင်ရေး တို့သည် ယနေ့မြန်မာ့နိုင်ငံရေး ဘ၀၏ ပကတိတောင်းဆိုချက် ဖြစ်လာ ပါရပေသည်။
ယခုအခါ မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သန်းပြီးနောက် စနစ်သစ်သို့ ပြောင်းနို်င်ရေး ကြိုးပမ်းမှု ကာလာအတွင်း ကျရောက် လျှက်ရှိနေပေပြီ။ စနစ်သစ်သို့ အမှန်တကယ် ပြောင်းနိုင်ဖို့ဆိုလျှင် စစ်အုပ်ချုပ်ရေးကာလ အတွေးအခေါ်၊ လုပ်နည်း လုပ်ဟန်များကို ဖြိုချပြီး ဒီမိုကရေစီ နှုန်းစံများနှင့် လိုက်ဖက်ညီမည့် ပြည်သူ့ အကျိုးပြုဥပဒေများ ကို နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး နယ်ပယ်အလိုက် လွှတ်တော်တွင် တင်သွင်း အတည်ပြုရေး။ ထိုနောက် ယင်းဥပဒေသစ် များကို သက်ဆိုင်ရာ အစိုးရအဖွဲ့ အသီးသီးက အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့် တို့မှတစ်ဆင့် အချိန်နှင့်တပြေးညီဖော် ဆောင်နိုင်ပေးခြင်းဖြင့်သာ စစ်ဗြူရိုကရေစီ ယန္တယားတို့  အပြီးတိုင် ပယ်ဖျက်၍ လူထုဗျူရိုကရေစီ ကျင့်စဉ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ သို့မှသာ ပြည်သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် တို့ဖြင့် လွှမ်းခြုံသော ပြည်သူ့ခေတ်ကို အစပြုရာ ဒီမိုကရေစီခေတ်သစ်၏ ပထမတံခါးပေါက်သို့ လှမ်းဝင်ရာ ဖြစ်စေပါလိမ့်မည်။
ထို့ကြောင့် ခေတ်သစ်သို့ ၀င်ရောက်ရေးကို မည်သည့်နယ်ပယ်တို့မှ အစပြုရမည်နည်း။ ဤမေးခွန်းကို ဖြေရလျှင် ယနေ့ရောက်ရှိနေသော ခေတ် အခြေအနေ၏ တောင်းဆိုချက်အရ စီးပွါးရေးကို အရှိန်အဟုန်ဖြင့် ပြောင်းပစ်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ လက်ရှိရောက်နေသော အနေအထားအရ စီးပွါးရေး အချုပ်အခြာဘောင် အတွင်းမှ စီးပွါးရေးဆိုင်ရာ ဥပဒေများကို ဖြေလျှော့ပြင်ဆင်ပေးမှု ( liberalization) လိုအပ် သကဲ့သို့ အစိုးရတို့က ထောက်ပံ့ပေးမှု(subsidization)များကို ထိရောက်စွာ ကျင့်သုံးရန် လိုအပ်နေချိန်ဖြစ်သည်။ ဤသို့လျှင် စီးပွါးရေး လက်ဝါး ကြီး အုပ်မှု ကင်း၍ နိုင်ငံသားအများ တန်းတူညီမျှ ပါဝင်နိုင်သော မြေညီကွင်း စီးပွါးရေး အဖြစ် အရှိန်အဟုန်ဖြင့် ပြောင်းလဲ ဖြစ်တည်စေခြင်းနှင့် တစ်ပြေးညီစွာ ယင်းအပြောင်းအလဲနှင့် သဟဇာတဖြစ်စေမည့် နိုင်ငံရေး၊ စီးပွါးရေးဆိုင်ရာ ဥပဒေများ ကို တစ်ဆင့်ခြင်း ပြုပြင်ပြောင်းလဲရန် လွန်စွာ အရေးတကြီး လိုအပ်နေပေသည်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်း၆၀ နီးပါးရှိရာ၌ ၇၀%သော လူဦးရေသည် ကျေးလက်တွင် နေထိုင်လျှက်ရှိသည်။ ယင်းတို့မှာ မြေယာစီးပွါးနှင့် ဆက်စပ် အသက်မွေးနေ သူုမျုားဖြစ်သည်။ စီးပွါးရေးနိုဘယ်ဆုရှင် ဂျိုးဇက်စတိဂလိဂ်က မြန်မာ့ ကျေးလက်ပြည်သူတို့၏ ၀ယ်လိုအား မြင့်မား စေခြင်း သည် မြန်မာ့စီးပွါး ဖွံ့ဖြိုး တိုးတက်ရေး၏ လမ်းစ ဖြစ်သည်ဟု ကောက် ချက်ချခဲ့သည်။ သို့ဖြစ်ရာ အာရှနိုင်ငံအများ စီးပွါးတိုးတက် လာမှုသည် ကျေးလက်ပြည်သူတို့၏ ၀ယ်လိုအားမှစခဲ့ပြီး အကျိုး ဖြစ်ထွန်းသောလယ်ယာကဏ္ဍဖြင့် စီးပွါးရေးလျှင်မြန်စွာ တိုးတက်ခဲ့သည့် သာဓကတို့ ထင်ရှားရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရေသယံဇာတ၊ မြေသယံဇာတ၊ လူသားရင်းမြစ် သယံဇာတတို့ ကြွယ်ဝသည့် အလျှောက် မြန်မာ့စီးပွါး ဖွံ့ထွားရေးအတွက် လယ်ယာစီးပွါးမြင့်မားစေရေးသည် စက်မှုနိုင်ငံအဖြစ် ရောက်ရှိရေး၏ မှုလဘူတ တွန်းအားကြီး ဖြစ်သည်ဟု ရှုမြင့်အပ်ပါသည်။
ယခုအခါ ဥပဒေပြုရေး နယ်ပယ်တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေသစ် တို့၏ အရိပ်အယောင်ကို စတင်မြင်တွေ့ နိုင်ပေတော့မည်။ ဤသည် ကား အခြား မဟုတ်ပါ။ မြန်မာ့စီးပွါးဖွံ့ထွားရေးလမ်းစ ရှာဖွေမှုအဖြစ်  လယ်ယာစီးပွါးနှင့် မြန်မာနိုင်ငံ၏ ပကတိဖြစ်ခဲ၊ ဖြစ်ဆဲနှင့် ဖြစ်လတ္တံ တို့ကို ဆန်းစစ်ဝေဖန် အကဲဖြတ်၍ လယ်ယာ စီးပွါးမြင့် တင်ခြင်းက စကြမည် ဆိုသည့် သဘောအမြင်တို့သည် ပညာရှင် အသိုင်းအ၀ိုင်း ၊ အုပ်ချုပ်သူ အသိုင်းအ၀ိုင်းနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းတို့၌ မကွာ သောအမြင်တို့ ရခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ကို  မြန်မာ့လယ်ယာ စီးပွါး၏ မှန်ကန်သော ထွက်ပေါက်သို့ ရောက်ပြီ ဟု မှတ်ချက်ပြုလျှင် လွန်အံ့မထင်ပါ။
မြန်မာနိုင်ငံသည် စနစ်ပြောင်းချိန်ရောက်သည်နှင့်အညီ စီးပွါးရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒတို့အပြင် မြေယာမူဝါဒတို့ ပါ ပြင်ဆင်ပြောင်းလဲချိန် တန်နေပေပြီ။ မြန်မာနိုင်ငံသည် တစ်ဖက်တွင် ပဒေသရာဇ် လက်ကျန် မိရိုးဖာလာမိသားစုလယ် ယာစနစ်တွင်ရှိနေရာမှ အရင်းရှင်လယ်ယာ စနစ်သို့ တစ်ဖက်၌ ပြောင်းစပြုနေပြီ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ အပါအ၀င် ယနေ့ခေတ်စက်မှုနိုင်ငံကြီးများသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်အထက်တွင် ဤသို့ စက်မှုလယ်ယာခေတ်သို့ ပြောင်းခဲ့သည်ချည်းပင်။ မြန်မာနိုင်ငံ၌ လွတ်လပ်ရေးခေတ်တွင် နိုင်ငံခြားသား များ၏ မြေယာပိုင်ဆိုင်မှုများကို အမျိုးသားရေးအမြင်ဖြင့် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ ထုတ်ပြန်၍ နိုင်ငံတော်ပိုင် ပြုလုပ်ခဲ့သည်။ ဆိုရှယ်လစ်ခေတ်တွင်လည်း ဆိုရှယ်လစ်စီးပွါးရေးအမြင်ဖြင့်  မြေယာကို နိုင်ငံတော်ပိုင်အဖြစ် ဆက်၍ တည်စေခဲ့သည်။ သို့နှင့် လယ်လုပ်သူ တို့မှာ မြေယာမပိုင်(လယ်မပိုင်) ဘဲ သီးစားချထားခွင့်ဥပဒေအရ တနှစ်တစ်ခါ သီးစားစိုက်ခွင့်သာ ရစေ ပြီး မြေယာကို နိုင်ငံတော် ကသာ ပိုင်ခဲ့ပေသည်။
ယခုအခါ ပြောင်းလဲလာမည့် စနစ်တို့နှင့် အညီ မြေယာမူဝါဒများကိုပါ ပြောင်းလဲရပေတော့မည်။ ၂၀၀၈ အခြေခံ ဥပဒေ၏ ပုဒ်မ(၉)တွင် နိုင်ငံတော်၏ စီးပွါးရေးစနစ်သည် ဈေးကွက်စီးပွါးရေးစနစ် ဖြစ်သည်။ ဟု အတိအလင်းဖော်ပြထားရာ ဈေးကွက်စီးပွါးရေးနှင့် လိုက်လျော ညီထွေရှိမည့် မြေယာဥပဒေတစ်ရပ် အမှန်တကယ်လိုအပ် လျှက် ရှိနေပေပြီ ဖြစ်သည်။ ယခုအခါ မြန်မာ့လယ်ယာ ကဏ္ဍတွင် မြေယာ အသုံးချမှု ပုံသဏ္ဍာန် သုံးမျိုးသုံးစား ကို တွေ့ရှိ နိုင်ပါသည်။
(က) မိသားစုပုံသဏ္ဍာန်လယ်ယာ
(ခ) အရင်းရှင်ကုမ္ပဏီကြီးများက မြေယာသိမ်းယူစိုက်ပျိုးသည့် စနစ်နှင့်
(ဂ) ကန်ထရိုက်လယ်ယာစိုက်ပျိုးသည့်စနစ် ဟူ၍ ရှိနေပါသည်။
ဤသို့ စက်မှုအရင်းရှင်လယ်ယာစနစ်သို့ ပြောင်းလဲရမည့် အနေအထားသည်၎င်း၊ လယ်လုပ်သူတို့အား ပုဂ္ဂလိက မြေယာပိုင်ခွင့်ကို အကန့် အသတ်ဖြင့် ပိုင်ဆိုင် စေခြင်းဖြင့်၎င်း၊ တောင်သူတို့၏ လယ်ယာမြေ ထောင်သောင်းချီသိမ်းယူခံရ ၍ ဘ၀ပျက်နေရခြင်းတို့ကို နိုင်ငံအစိုးရ တို့က မြေယာဥပဒေ ဆိုင်ရာ ရပိုင်ခွင့်များ ရရှိစေမှုနှင့် လူမူရေးနာကျင်မှုတို့ကို ပပျောက်စေရေးအတွက် လူမှုလုံခြုံရေးပိုက်ကွန် ( Social Safety Net) လွှမ်းခြုံမိစေရန် အတွက်လည်းကောင်း၊ ထိရောက်စွာ အကာအကွယ်ပေးရန် လိုအပ်လျှက်ရှိပါသည်။
တစ်ပါတီစနစ်ကျင့်သုံးသော တရုတ်နိုင်ငံတွင် နိုင်ငံပိုင်စုပေါင်းလယ်ယာစနစ်ကို ဖျက်သိမ်း၍ မက်လုံးပါသော အိမ်ထောင်စုပိုင် ပုဂ္ဂလိက လယ်ယာစနစ်သို့ ပြောင်းခဲံသည်မှာ နှစ်ပေါင်းနှစ်ဆယ်မက ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၁၉၇၀ ခုနှစ်များ တွင် တရုတ်လယ်သမားများသည် နိုင်ငံပိုင်မြေကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ၁၅ နှစ်ဂရန်ဖြင့်  မြေငှါးရမ်းလုပ်ခွင့်ရခဲ့ ကြသဖြင့် သီးနှံထွက်နှုန်း တိုးရုံသာမက မြေယာတန်ဖိုးပါ တက်စေ ခဲ့သည်။ တစ်ဖန် ၁၉၉၅ ခုအရောက်တွင် လယ်ယာမြေ ကို ဂရန်စနစ် ပုဂ္ဂလိကပိုင် အဖြစ် နှစ်(၃၀) ထပ်မံခွင့်ပြုပြန်သည်။ ထွက်ကုန် သီးနှံတို့ကိုလည်းနိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်၍ လွတ်လပ်စွာရောင်းဝယ်ခွင့် ပြုခဲ့သည့် အလျှောက် အကျိုးဆက်မှာ ပြည်သူသန်း၂၀၀ ကျော် လူလတ်တန်း စားဘ၀သို့ ရောက်စေခဲ့၍ လူမှုဘ၀ သာယာစေခဲ့သည်။
ထို့ကြောင့် မြန်မာ့လယ်ယာစီးပွါးမြင့်မားစေရေး၏ အခြေခံအချက်ကြီးဖြစ်သည့် သီးစားလုပ်ပိုင်ခွင့်မှ  ပုဂ္ဂလိက ဂရန်လယ်မြေငှါးရမ်း လုပ်ပိုင် ခွင့်သို့ ပြောင်းရေး သည် လယ်ယာစီးပွါးနှင့် မြန်မာနိုင်ငံတို့အကြား လျှင်မြန်စွာ အဖြေထုတ်ရ မည့်  မြေယာပုစ္ဆာ၊ ကျေးလက် စီးပွါးဖွံ့ဖြိုးရေး ပုစ္ဆာနှင့် ထိပ်တန်းဆန်တင် ပို့နိုင်ငံအဖြစ် ပြန်လှယ်ရောက်ရှိရေးပုစ္ဆာတို့၏ အဖြေကြီးတစ်ရပ် ဖြစ်လျှက် ရှိနေပါသည်။ ထို့ကြောင့် လယ်လုပ်သူ ကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ရစေခြင်း၊ စိုက်ပျိုးရေးသွင်း အားစုများ ဖြည့်ဆည်းပေးမှုတို့ဖြင့် စိုက်ပျိုးရေးမက်လုံးပေးရာ ရောက်စေခြင်းဖြင့် သီးနှံ အထွက်တိုးကာ ကျေးလက်ပြည်သူ တို့ တစ်ဦးချင်းဝင်ငွေ  မြှင့်တင်ပေးရာ ရောက်စေ ပါသည်။ ဤသို့ဖြင့် ၀ယ်လိုအားတိုးတက်၍ ကျေးလက် စားသုံးသူဈေးးကွက် ကြီး ရှင်သန်ဖွံ့ထွားစေမည် ဖြစ်ပြီး အများစုကြီးကို အလုပ်အကိုင် အခွင့် အလမ်းများ ရရှိစေ ကာ  လူမှုဘ၀ သာယာ စေရေး၊ ဆင်းရဲမွဲတေမှုလျော့ပါးရေး ရည်မှန်းချက်တို့လည်း ဖြည့်ဆည်းပေးမည် ဖြစ်သည့် အလျှောက် တိုင်းပြည်ချမ်းသာ၊ပြည်သူလည်း ချမ်းသာသော အဖြစ်သို့ ရောက်စေမည်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ၇၀%သော ပြည်သူတို့အတွက် မြေယာမူဝါဒအသစ်ဖြင့် ကျေးလက် စီးပွါးရေးခရီိးကို ဆက်ချိန်တန်ပြီ ဖြစ်ကြောင်း ရေးသားဖော်ပြ အပ်ပါသည်။

No comments:

Post a Comment