Friday, February 8, 2013

စစ်မှန်သောပြည်ထောင်စုနဲ့ငြိမ်းချမ်းရေး ဦးခင်မောင်ဆွေ( NDF)


  • ယခုအခါ ငြိမ်းချမ်းရေးကို တောင့်တလိုလားသံတွေဟာ  မြန်မာ့မြေပေါ်မှာ လျှံထွက်လာပြန်ပါတယ်။ ဒါကြောင့်  ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀၊ ၁၉၆၃-ပြည်တွင်းငြိမ်းချမ်းရေးကာလကို ပြန်သတိရစေပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ၊ အစိုးရဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော တွင်းကပုဂ္ဂိုလ်တွေ၊အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ပေါ်မှာ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့တာတွေကို ခုထိတိုင်မှတ်မိနေဆဲပါ။ အဲ့ဒီ တုန်းကလည်း အပစ်အခတ်တွေရပ်ပြီး ဆွေးနွေးခဲ့ကြတာပါပဲ။ နောက်တော့ ``သူတို့ပြန်ကြလေပြီ ဆိုတဲ့ မျက်နှာဖုံး သတင်းမည်းကြီးနဲ့ ငြိမ်းချမ်းရေးအိမ်မက်တွေ ပျက်ပျယ်သွားခဲ့ရတယ်။
  •  ဘာကြောင့်ငြိမ်းချမ်းရေးဟာ ပြည်သူတွေနဲ့ ဝေးခဲ့ရသလဲ။ဘာကြောင့်များလဲ။ ငြိမ်းချမ်းရေးရရှိရေးအတွက် ပြည်သူ့အပေါ် စေတနာမှန်ကြဖို့၊ ရိုးသားစွာချည်းကပ်အဖြေရှာကြဖို့နဲ့ နှစ်ဖက်စလုံးက တကယ့်ပဲငြိမ်းချမ်းချင်တယ်ဆိုတဲ့ စိတ်ဆန္ဒတွေ မှန်ကန်စွာရှိနေကြဖို့ဟာ တကယ့်အခြေခံလိုအပ်ချက်တွေ ဖြစ်ပါတယ်။အဖွဲ့အစည်းတွေမှာအချို့က ငြိမ်းချမ်းရေးရလိုတယ်။ နောက်တစ်မျိုးစဉ်းစားစရာက အဲ့ဒီအဖွဲ့အစည်းအတွင်းမှာပဲ ငြိမ်းချမ်းရေးလိုချင်သူနဲ့မလိုချင်သူ တွေအုပ်စုကွဲနေတာမျိုးလား။ နောက်ထပ်တစ်မျိုးထပ်စဉ်းစားရင်လည်း ငါတို့ဘက်က ငြိမ်းချမ်းရေးလိုချင်တာအမှန်ပဲ။ တစ်ဖက်က မရိုးမသားနဲ့ ငြိမ်းချမ်းရေးကိုခုတုံးလုပ်၊လေသံပစ်ပြီး နိုင်ငံရေးအမြတ်ထုတ်နေတာပါပဲဆိုပြီး ပြည်သူအထင် ရောက်အောင်၊ ငြိမ်းချမ်းရေးခရီးကိုဖင့်နှေးအောင် ပုံဖော်နေကြမယ်ဆိုရင် ဘယ်သူတွေ ဒုက္ခရောက်ကြမလဲ။သာမန်ပြည် သူတွေပဲ ဒုက္ခရောက်ကြမှာပဲ။ တိုင်းပြည်စီးပွားတိုးတက်ရေးကို ဒီပြည်တွင်း စစ်ကြောင့် မဖန်တီးနိုင်ရင် ဘယ်သူတွေ ဒုက္ခရောက်ကြမလဲ။ နိုင်ငံရေး၊ စစ်ရေးပရိယာယ်တွေ၊ဘာတွေ နားမလည်တဲ့ သနားစရာသာမန်ပြည်သူတွေဆိုတာကို တွေးမိကြရင် ငြိမ်းချမ်းရေးဆီ အရောက်သွားပေးကြဖို့ နိုးဆော်ချင်ပါတယ်။
  •             ငြိမ်းချမ်းရေးမရခဲ့တာ ဘာကြောင့်လဲ။ သမိုင်းခြေရာကောက်(Root Cause) ရင်းမြစ်ကိုရှာလိုက်တော့ မငြိမ်းချမ်း နေရတာဟာ စစ်ဖြစ်နေလို့၊ စစ်ဖြစ်နေရတာဟာလည်း နိုင်ငံရေးလိုအပ်ချက်တွေ လိုအပ်နေသေးလို့၊ နိုင်ငံရေးလိုအပ် ချက်တွေ မပြည့်မီသေးတာက စစ်မှန်တဲ့ပြည်ထောင်စုဘ၀ကို မရောက်သေးလို့ဆိုတဲ့ အဖြေကို သွားတွေ့ရပါတယ်။ စစ်မှန် တဲ့ပြည်ထောင်စုကိုရဖို့၊ ရောက်ဖို့ဆိုရင် ပူးတွဲဖော်ပြတဲ့ သဘောထားရပ်တည်ချက်တွေကို တိုင်းရင်းသားပြည်သူတွေအား လုံး အများညီသဘောပေါက်လက်ခံကြဖို့ လိုတယ်လို့ယူဆပါတယ်။ ဒါကြောင့် တစ်ဆက်တည်းတင်ပြလိုတာကတော့ ပြည်ူဆိုတဲ့အဓိပ္ပါယ်ကို ဖွင့်ကြည့်ဖို့ပါပဲ။
 ပြည်သူဆိုတာ       
  •                         ဒီမိုကရေစီစနစ်အရ ပြည်သူဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ ခွဲခြားလို့မရသလို ပြည်သူမပါပဲ နိုင်ငံတော်လို့ခေါ်လို့လည်းမရပါဘူး။ တချို့က အစိုးရကို နိုင်ငံတော်လို့ထင်နေကြတယ်။ အမှန်မှာ အစိုးရဆိုတာ နိုင်ငံတော်မဟုတ်ပါဘူး။ ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ နိုင်ငံရဲ့အမြင့်ဆုံး ပြည်သူ့ ၀န်ထမ်းအဖွဲ့အစည်းမျှသာ ဖြစ်တယ်။ နောက်ပြီး အစိုးရတစ်ရပ်ဟာ အမြဲမရှိနိုင်ဘူး။ ပြည်သူဆိုတာကတော့ အမြဲရှိနေတဲ့ လူထုအစု အဝေးကြီးဖြစ်ပါတယ်။
  •                         တိုင်းနိုင်ငံတစ်ခုအတွင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရတရားဝင်ရှိနေတဲ့ လူအစုအဝေးတစ်ရပ်ဟာ အဲဒီ တိုင်းနိုင်ငံရဲ့ ပြည်သူတွေပါပဲ၊ အဲဒီ ပြည်သူဆိုတာ လူမျိုးတစ်မျိုးတည်းနဲ့ ဖြစ်နိုင်သလို၊ လူမျိုးပေါင်းစုံ၊ မျိုးနွယ်စု ပေါင်းစုံနဲ့လည်း ဖြစ်နိုင်ပါတယ်။ လူမျိုးတစ်မျိုး၊ လူမျိုးနွယ်စု တစ်မျိုးမျိုးရဲ့ အရေးကို လူမျိုးရေး၊ လူမျိုးစု အရေး၊ မျိုးနွယ်စု အရေးလို့ ခေါ်နိုင်ပါတယ်။ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ နိုင်ငံတကာဆက်ဆံရေးအမြင်၊ စစ်ရေးအမြင်တွေ အရ လူမျိုးတစ်မျိုးထဲရှိတဲ့နိုင်ငံမှာ လူမျိုးရေးဟာ အမျိုးသားရေးနဲ့ထပ်တူကျမှာဖြစ်တယ်။ ဒါပေမဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံ ( ပြည်ထောင်စုနိုင်ငံ ) လိုမျိုးတွေမှာတော့ လူမျိုးအားလုံးရဲ့အရေးဟာ အမျိုးသားရေး၊ တစ်မျိုးသားလုံးရဲ့အရေးပဲလို့ ခံယူ ကြရမယ်။ အဲဒီတော့ လူမျိုးဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့လာလိုပါတယ်။

လူမျိုးရေးနှင့် အမျိုးသားရေး
  •                         လူမျိုးဆိုတာ နယ်မြေအပိုင်းအခြားတစ်ခုအတွင်းမှာ နှစ်ပရိစ္ဆေဒကြာမြင်စွာ ဒုက္ခသုက္ခတွေကို အတူ တကွ ခံစားနေထိုင်ခဲ့ကြပြီး ဘိုးစဉ်ဘောင်ဆက် တစ်မြေထဲနေ၊ တစ်ရေထဲသောက်ခဲ့ကြသူတွေဖြစ်တယ်။ သူတို့မှာ ဓလေ့ ထုံးစံ၊ ဘာသာစကားနဲ့ နေမှုထိုင်မှုအပြင် သွင်ပြင်လက္ခဏာတွေမှာပါ တူညီတဲ့လူအစုအဝေးကို လူမျိုးလို့ မျိုးတူရာစု ခေါ် ကြတာပါပဲ။ ဒါကြောင့် အဲဒီလူမျိုးတွေရဲ့အရေးကို လူမျိုးရေးလို့ ခေါ်ကြရတာဖြစ်ပါတယ်။
  •                         ဒါပေမဲ့ အမျိုးသားရေးကတော့ လူမျိုးရေး၊ မျိုးနွယ်စုရေးတွေထက် မြင့်မားတယ်။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာခံယူချက်ကို မဏ္ဍိုင်ပြုပါတယ်။ မြန်မာနိုင်ငံလို လူမျိုးပေါင်းစုံနိုင်ငံတစ်ခုမှာ မှီးတင်းနေထိုင်ကြတဲ့ လူမျိုး တွေဟာ သူတို့ပိုင်ဆိုင်တဲ့ မြေပိုင်နက်၊ သူတို့ပိုင်တဲ့ ရေပိုင်နက်ကို စုပေါင်းကာကွယ်ကြမယ်။ ဒို့မြေ ဒို့ရေကို စုပေါင်း ကာကွယ်ကြမယ်။ ဒါဟာ အားလုံးရဲ့အရေး၊ တစ်မျိုးသားလုံးရဲ့အရေးပဲလို့ ခံယူတဲ့ယုံကြည်ချက်ဟာ အမျိုးသားရေးပါပဲ။
  •                         လူမျိုးတစ်မျိုးထဲရှိတဲ့နိုင်ငံမှာ အထက်ကတင်ပြသလို လူမျိုးရေးဟာ အမျိုးသားရေးဖြစ်သလို အမျိုးသား ရေးဟာလည်း လူမျိုးရေးပဲ ဖြစ်တယ်။ ဒါပေမဲ့ ခေတ်အဆက်ဆက်၊ ရေမြေသဘာဝအပိုင်းအခြားအရ လူမျိုးပေါင်းစုံ နေထိုင်နေကြရတဲ့နိုင်ငံတစ်ခုမှာ လူမျိုးတစ်မျိုးထဲအရေးနဲ့ အမျိုးသားရေးမဖြစ်နိုင်ဘူးဆိုတာကို သိမြင်လက်ခံပြိး အဲ့ဒီ အမျိုးသားရေးဟာ လူမျိုးပေါင်းစုံရဲ့အရေး ဖြစ်တယ်။ ဒါဟာ အားလုံးသောလူမျိုးတွေရဲ့အရးဖြစ်တယ်။ မြန်မာအမျိုးသား ရေးလို့ပဲခေါ်ခေါ်၊အခြားအမည်ဘယ်လိုပဲတပ်ခေါ်ခေါ် အဲ့ဒီအမျိုးသားရေးဆိုတာကြီးရဲ့အောက်မှာ အားလုံးသောလူမျိုးတွေ ဟာ အညီအညွတ်နေကြပါမှ လူမျိုးအားလုံးရဲ့ အရေးကို စောင့်ရှောက်ရာရောက်မှာဖြစ်တယ်။  လူမျိုးးစုံ အမျိုးသား ရေးအဖြစ် ခေါ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးပေါင်းစုံအတူတကွနေတဲ့ မြန်မာနိုင်ငံလို ပြည်ထောင်စုနိုင်ငံတစ်ခုမှာ ပြည်ထောင်တွေစုပြီးနေကြတယ်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်အခြေခံပေါ်မှာ လူမျိုးစုံအမျိုးသားရေးဝါဒ ကို စိုက်ထူရပါ မယ်။
  •                         ဥပမာ- လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်အထက်က အမေရိကန်မြေပေါ်မှာ အမေရိကန်လူမျိုးရယ်လို့ မရှိခဲ့ ဘူး။ အမေရိကန်နိုင်ငံဟာ ၁၇၇၆ ခုမှာ လွတ်လပ်ရေးရတော့မှ အမေရိကန်မြေပေါ်မှာ အခြေစိုက်နေထိုင်သူတိုင်းက မိမိတို့ဟာ အမေရိကန်နိုင်ငံသားတွေပဲလို့ ခံယူခဲ့ကြတယ်။ အဲ့ဒီကနေ အမေရိကန်အမျိုးသားရေးဆိုတာ ပေါ်လာရတော့ တာပါပဲ။ အဲဒီ လွတ်လပ်တဲ့ အရေိကန်ပြည်ထောင်စုလို့အမည်တပ်လိုက်ခြင်းကပဲ အမေရိကန်အမျိုးသားရေးကို ပေါ်ပေါက် လာစေတဲ့ တွန်းအားဖြစ်တယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ အိုင်းရစ်စကဲ့ ဥရောပသားတွေ မက်ဆီကန်နဲ့ ကာရစ်ဘီယန်စတဲ့ တောင်အမေရိကန်သားတွေနဲ့၊ အာဖရိကန်အမေရိကန်တွေဟာ နှစ် ၂၀၀ အလွန်က အမေရိကန် လူမျိုးဆိုတာ မရှိခဲ့ဘူးတဲ့ အဲဒီမြေကို သစ္စာခံပြီး အမေရိကန်တွေ ဖြစ်လာကြတော့တာပါပဲ။
  •                         အမေရိကန်လူမျိုးဆိုတာ ရှိလာတာနဲ့အမျှ ဒီမြေဒီရေကို စုပေါင်းကာကွယ်ရမယ်ဆိုတဲ့ အမေရိကန် အမျိုးသားရေးစိတ်ဓါတ်ကြီးက ပေါ်လာခဲ့တယ်။ ဒါကိုကြည့်ရင် ညီညွတ်မှုက အမျိုးသားရေးဟာ ပေါက်ဖွားစေတယ်။ အဲဒီ အမျိုးသားရေးကပဲ ကိုယ့်မြေကိုယ်ရေကို သစ္စာရှိတဲ့ မျိုးချစ်စိတ်ကို မွေးဖွားပေးတယ်။ ဒါကြောင့် အမျိုးသားရေးဆိုတာ နိုင်ငံတစ်နိုင်ငံ စည်းလုံးညီညွတ်ရေး၊ နယ်မြေတည်တံ့ရေးနဲ့ အချုပ်အခြာအာဏာ ခိုင်မြဲစေရေးရဲ့ နိုင်ငံရေးဝိညာဉ်ပဲ ဖြစ်ရတာပဲပေါ့။

    တိုင်းပြည် (State ) နဲ့ တိုင်းပြည်တည်ဆောက်ရေး (State Building) ကိုတင်ပြချင်ပါတယ်။
  •             ဥပမာအနေနဲ့ပြောရရင် အမေရိကန်လူမျိုးအစုအဝေးဟာ အမေရိကန်နိုင်ငံရဲ့ပြယုဂ် သို့မဟုတ် (Nation) နိုင်ငံ တော်ပဲ။ ဒါပေမဲ့ ဒီအမေရိကန်တွေရဲ့ အုပ်ချုပ်မှုယန္တရား (Administrative Mechanism) အဆင့်ဆင့်ပေါင်းစုဖွဲ့ တည်ထားခြင်းဟာ အမေရိကန်ပြည်သူတွေရဲ့ တိုင်းပြည် (State) သို့မဟုတ် အမေရိကန်ပြည်ထောင်စု (United State of America) ဖြစ်ပါတယ်။ အဲဒီတော့ (State) ဆိုတဲ့ တိုင်းပြည်မှာ အထည်ကိုယ်ရှိပါတယ်။ ဆုပ်ကိုင်ထိတွေ့လို့ရတယ်။ ဒါကြောင့် တိုင်းပြည်ဆိုတာ (Tangible) အထည်ကိုယ် အမာခံရှိပြီး၊ နိုင်ငံဆိုတာကတော့ ဖမ်းကိုင်ဆုပ်ယူလို့ မရတဲ့ (Spritual Quality) စိတ်ပိုင်းဆိုင်ရာ အယူအမြင်အရရှိနေတဲ့ လူအစုအဝေးရဲ့ နိုင်ငံရေး ပုံရိပ်ပဲဆိုလိုတာဖြစ်ပါတယ်။
 အဲဒီတော့ နိုင်ငံတော်ဆိုတာမှာ အထည်ကိုယ်ဥပဓိရုပ်မရှိပေမဲ့ တိုင်းပြည်မှာတော့ ဥပဓိရုပ်အထည် ကိုယ်က ရှိတယ်။ အဲဒါတွေကတော့
            (က)      ပထ၀ီနယ်မြေအပိုင်းအခြားရှိခြင်း
            (ခ)        ပထ၀ီအပိုင်းအခြားမှာ မှီတင်းနေထိုင်တဲ့ လူဦးရေပမာဏရှိခြင်း
            (ဂ)        ပြည်သူတွေကိုးစားယုံကြည်တဲ့ အစိုးရတစ်ရပ်ရှိခြင်းနဲ့
         (ဃ)      သံတမန်ရေးအရ အခြားနိုင်ငံတွေက အသိအမှတ်ပြုထားချက်ရှိခြင်း စတာတွေဟာ                               တိုင်းပြည်တစ်ရပ်ရဲ့ ဖြစ်တည်မှုတွေပဲဖြစ်ပါတယ်။
                   တိုင်းပြည်တည်ဆောက်ရေးဆိုတာ ဖွဲ့စည်းပုံဥပဒေအရသတ်မှတ်ထားတဲ့နယ်မြေအပိုင်း အခြားအလိုက်   ပြည်သူတွေရဲ့အကျိုးအ တွက် ပြည်သူဆန္ဒနှင့်အညီ အုပ်ချုပ်ရေးယန္တရားတပ်ဆင်ထားတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
                      အခု မြန်မာနိုင်ငံရောက်နေတဲ့ နိုင်ငံရေး/အုပ်ချုပ်ရေးအနေအထားဟာ နိုင်ငံတည်ဆောက်ရေး (Nation Building) ရော၊ တိုင်းပြည်တည်ဆောက်ရေး (State Building) ကိုပါ တစ်ပြိုင်တည်းလုပ်ဆောင်ရမယ့် အနေအထားကြီး မှာ ဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ရှာဖွေနေတာဟာ နိုင်ငံတော်တည်ဆောက်ရေးအတွက် အမျိုးသား ညီညွတ် ရေးကို ဦးတည်ဆောင်ရွက်နေတာဖြစ်ပြီး လွှတ်တော်အရပ်ရပ်ကဥပဒေတွေပြုပြင်/ပယ်ဖျက်ပြီးအုပ်ချုပ်ရေး ၊တရားစီ ရင်ရေး ယန္တရားတွေကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်အောင် ကြိုးပမ်းနေတာဟာ တိုင်းပြည်တည်ဆောက်ရေး လုပ်ရပ်ပဲ ဖြစ်ပါတယ်။

နိုင်ငံတော် (Nation ) နဲ့ နိုင်ငံတော်တည်ဆောက်ရေး (Nation Building) ကိုဆက်လက်တင်ပြရရင်-
                        အမျိုးသားရေးဟာ ဓလေ့ထုံးစံတွေအပေါ် အလေးထားမှု၊ တန်ဘိုးထားထိန်းသိမ်းမှုတွေကနေ  စတင် လာခဲ့ပြီး နှစ်ကာလရှည်ကြာစွဲယူကျင့်သုံးမှုကြောင့် အမျိုးသားရေးအယူအဆ ခိုင်မာမြဲမြံလာခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ ကျော်လောက်ထဲက ဒီအယူအမြင်ရှိလာခဲ့ပါတယ်။ ယနေ့ထက်တိုင် အင်အားကြီးမားဆဲ နိုင်ငံရေးအယူအမြင်အဖြစ် ရှိနေတယ်။ နိုင်ငံတော်တွေဆိုတာ အမျိုးသားရေးအခြေခံပေါ်က ပေါ်လာကြတာဖြစ်တယ်။ ဘာကြောင့်ဆိုတော့ နိုင်ငံ တော်ရဲ့ အခြားအဓိပ္ပါယ်ကို ပြည်သူလို့ ကောက်ယူလို့ရနိုင်တာကြောင့်ပဲ။ ဒါကြောင့် နိုင်ငံတော်ဆိုတာ ပြည်သူအစု အဝေးကြီး တစ်ခုပဲ။ အဲဒီမှာ-
           (က)      ကိုးကွယ်မှုဘာသာ၊ လူမျိုးနဲ့ ဘာသာစကားတွေတူညီမှုအရ
           (ခ)        တူညီတဲ့ အစုအဝေးဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ခံယူချက်အရနဲ့
       (ဂ)        နိုင်ငံရေးအရ ဒီမြေဒီရေပေါ်မှာ မိမိတို့ကိုယ်တိုင် ခန့်ခွဲလုပ်ကိုင်လိုတယ် ၊ကိုယ့်ကြမ္မာကိုယ်ဖန်တီးလို တယ်ဆိုတဲ့ ခံယူချက်အရ ဖွဲ့တည်တာကို နိုင်ငံတော် (Nation) လို့ခေါ်ပါတယ်။
                        ဒါပေမဲ့ ဘယ်လိုတူညီချက်တွေရှိရှိ တစ်မျိုးသားထဲပဲလို့ စိတ်ထင်မှတ်လက်ခံခြင်းမရှိသမျှ (Nation) နိုင်ငံ တော်အဖြစ် မရောက်နိုင်ဘူး။ ဒါကြောင့် နိုင်ငံတော်ဆိုတာ (Intangible) ဆုပ်ကိုင်လို့မရတဲ့ ပေါင်းစည်းမှုတစ်ခု၊  တနည်းဆိုရရင် အဲဒီနိုင်ငံတော်အတွင်းရှိနေသူတွေရဲ့ အယူအမြင် ဒါဟာ ငါတို့လူမျိုးတွေ၊ ငါတို့နေရာ၊ ငါတို့နယ်မြေ စသဖြင့် စွဲယူချက်တွေကို ပေါင်းရုံးရှုမြင်မှုတွေ အခြေခံကပေါ်ထွက်လာတဲ့ အစုအဝေးကြီးတစ်ရပ်အား နိုင်ငံတော် (Nation) ပဲဖြစ်ပါတယ်။
                        နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်မယ် (Nation Building) လုပ်မယ်ဆိုရင် လူမျိုးပေါင်းစုံနိုင်ငံမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး (Peaceful Co-existance) ရှိရမယ်။ အမျိုးသား စည်းလုံးညီညွတ်မှု (National Unity) ရှိရမယ်။ နိုင်ငံတော်တစ်ခုရဲ့ စရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်း တွေကိုမျှဝေလက်ခံထားကြတဲ့လူ (ပြည်သူ) အစုအဝေးကြီး ဖြစ်ရမယ်။ အဲဒီမှာ ဘာသာစကား၊ သမိုင်းကြောင်းတူ၊ ဓလေ့စရိုက်တူ၊ အမွေအနှစ်သက်ဆင်းမှုတွေနဲ့ မကွဲပြားတဲ့ နေမှုထိုင်မှု စတာတွေ အားလုံးပေါင်းစုပြီး နိုင်ငံတော်ဆိုတာကို ဖွဲ့တည်ကြနေတာဖြစ်တယ်။ ဒါဟာ ဘာကိုပြဆိုသလဲဆိုတော့ ပြည်သူ တွေဟာ တူညီတဲ့ အယူအမြင်ခံစားချက်၊ အကြောင်းရင်းတစ်ခုနဲ့ ဖွဲ့တည်ကြတဲ့ နိုင်ငံတော်ဖြစ်ပြီး၊ အကြောင်းအရင်း ကတော့ အမျိုးသားရေးအရင်းခံနဲ့ ဖွဲ့ရတာဖြစ်တယ်လို့ နိုင်ငံရေးအရ ဆိုရပါမယ်။  ဒါကြောင့် နိုင်ငံတော်ဆိုတာ စိတ်ပိုင်းဆိုင်ရာနဲ့ ဖွဲ့တည်ထားတာဖြစ်ပြီး နိုင်ငံရေးအရ အမျိုးသားရေးဝိညာဉ် အခြေခံပေါ်က ဖွဲ့စည်းမှုကြီးပဲ ဖြစ်ပါတယ်။
အဲ့ဒီတော့ဖက်ဒရယ်ပြည်ထောင်စုတွေဖွဲ့ရတဲ့ နိုင်ငံရေးရည်ရွယ်ချက်က ဘာလဲ  ? 
ရေရှည် အမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားအင်အားစုတွေလက်တွဲပြီး အမျိုးသားညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ချင်လို့ပဲ ဖြစ်တယ်။
            ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရများအကြား ဖွဲ့စည်းပုံဥပဒေနဲ့အညီ နိုင်ငံရေးအာဏာ ကို မျှမျှတတခွဲဝေကျင့်သုံးစေတဲ့ နိုင်ငံရေးနည်းစနစ် ဖြစ်အောင် ထူထောင်ဖို့အတွက် လည်းဖြစ်တယ်။ ဒါဟာဘာကို ပြသလဲ ဆိုတော့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ဟာ တမျိုးသားလုံးစည်းလုံးသွေးစည်းညီညွတ်ရေးကို ရှေ့ရှုရတယ်။ အမျိုးသားအင်အားစုများက ပြည်နယ်တိုင်းတွေရဲ့ အရေးကိစ္စများကို အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခွင့်ရစေတဲ့ နိုင်ငံရေးဗျူဟာတစ်ရပ်လည်း ဖြစ်ပါတယ်။ ။ ပြည်ထောင်စုစနစ်ရဲ့ သွင်ပြင်ပုံသဏ္ဍာန်မှာ -      
(က)    Federal         - အတွင်းပြည်ထောင်စု
          (ခ)     Confederation  အပြင်ပြည်ထောင်စု
ရယ်လို့ ရှိကြပါတယ်။ အတွင်းပြည်ထောင်စုပုံစံနှင့် ကျင့်သုံးပုံကို အမေရိကန်ပြည်ထောင်စုမှာတွေ့ရပြီးအပြင်ပြည်ထောင် စုစနစ်ကိုတော့ ယခင်ဆိုဗီယက်ရုရှားပြည်ထောင်စုမှာတွေ့ရတယ်။ အတွင်းပြည်ထောင်စုနဲ့ အပြင်ပြည်ထောင်စုတွေရဲ့ အဓိက ကွာခြားချက်က အပြင်ပြည်ထောင်စုမှာ အမျိုးသားဧရိယာအမျိုးသားပြည်နယ်တွေတင်မကပဲ သမ္မတနိုင်ငံတွေ ကိုပါ ပြည်ထောင်စုထဲမှာ ပါဝင်စေတာဖြစ်တယ်။ အပြင်ပြည်ထောင်စုလိုပဲ သီးခြားလွှတ်တော် သီးခြားအစိုးရစနစ်တွေ ရှိတာခြင်းတူပေမဲ့ အတွင်းပြည်ထောင်စုဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအ၀င်နဲ့ ပြည်နယ် (ပြည်ထောင်) များကို ပေါင်းစုထားတဲ့ ပြည်ထောင်စုစနစ်မျိုးပဲ ဖြစ်တယ်။
            ပြည်ထောင်စုတစ်ခုတည်တယ်ဆိုတာမှာ နိုင်ငံရေးအနှစ်သာရတွေရှိတယ်။ အဲဒါတွေက-
က။        လူမျိုးပေါင်းစုံကွဲပြားနေမှုထဲမှာ ညီညွတ်မှုကို ဖွေရှာခြင်း (Unity in Diversity)
ခ။    အမြင်ကျဉ်းမြောင်းတဲ့ လူမျိုးရေးဂိုဏ်ဂဏစိတ် လူမျိုးကြီးဝါဒစိတ်၊ လူမျိုးစွဲဝါဒစိတ်နဲ့လူမျိုးအချင်းချင်း  အကြား ခွဲခြားဆက်ဆံရေးဝါဒစိတ်တို့မှ လွတ်ကင်းစေခြင်းနဲ့
ဂ။         တစ်မျိုးသားလုံး သွေးစည်းချစ်ကြည်ရေးကိုရောက်စေမဲ့ လူမျိုးပေါင်းစုံအမျိုးသားရေးဝါဒ ထူထောင်ခြင်း                     စသည်တို့ဖြစ်ပါတယ်။
            မြန်မာနိုင်ငံဟာ ယနေ့ထက်ထိတိုင် စစ်မှန်တဲ့ ပြည်ထောင်စုကို ပုံသဏ္ဍာန်အရရော၊ ကျင့်သုံးပုံစနစ်အရပါ မရောက်သေးပါဘူး။ စစ်မှန်တဲ့ပြည်ထောင်စုမှာ -
            - အခွင့်အလမ်းနှင့် အဆင့်အတန်းအရ တန်းတူညီမျှမှု
            - ကိုယ်ပိုင်ပြဌာန်းခွင့်နှဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိမှုနဲ့
            - ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမှုနဲ့ သင့်တင့်မျှတတဲ့ အာဏာခွဲဝေကျင့်သုံးခွင့်ရှိမူတွေ လိုမှာဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အဆင့်ဆင့်မူဘောင်တွေချပြီး နိုင်ငံရေးယုံကြည်မှုကြိုးတွေနဲ့ ချည်နှောင်ရပါမယ်။ နိုင်ငံရေးအရ ယုံကြည်မှုကြိုးတွေဆိုတာ စစ်မှန်တဲ့ပြည်ထောင်စုထူထောင်ရေးသဘောထား အခြေခံ အမြင်အယူအဆဆောင်ရွက်ချက်တွေကို ဆိုချင်ပါကြောင်းပါ ခင်ဗျား။

ဦးခင်မောင်ဆွေ(NDF)

No comments:

Post a Comment