Wednesday, February 13, 2013

NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး

မေး။      ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့လုပ်ကိုင်နိုင်စွမ်း ယှဉ်ပြိုင်နိုင်စွမ်းတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။

ဖြေ။       ။ ၂၀၁၅ အတွက်ဆိုအခု ပါတီတွေက (၅၀) ကျော်သွားပြီ။ (၅၄) ပါတီရှိသွားပြီ။ နောက်ထပ်လည်းတိုးဖို့ရာ ရှိနေပါသေးတယ်။ မသကာပြောမယ်ဆိုရင် ပါတီလေးငါးဆယ်ခုလောက်တော့တိုးရင်တိုးနေဦးမှာပါ။ ပါတီတွေအများကြီး ဖြစ်လာမှာပါ။ ၂၀၁၅ ပွဲကတော့ ပြည်သူတွေမျက်စိလည်မယ့်ပွဲလို့ပြောရမှာပေါ့။ အင်အားကြီးပါတီကတော့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီပေါ့။ ကျန်တဲ့ပါတီတွေက သူတို့လောက်အရှိန်အ၀ါမကြီးပေမယ့်လို့ အချို့ပါတီတွေက စည်းရုံးရေးအင် အားကောင်းတယ်။ အချို့ပါတီတွေက နိုင်ငံရေးသိက္ခာရှိခဲ့ကြတယ်။ တချို့ပါတီတွေက နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ပါတီမျိုးကျတော့ နိုင်ငံရေးဥပဓိရုပ်ကောင်းတာပေါ့။
အဲဒါတွေထည့်တွက်မယ်ဆိုရင် မှန်မှန်ကန်ကန်သွားမယ်ဆိုရင်တော့ ပြည်မမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ကအဓိကပြိုင်ဖက်ဖြစ်မှာပေါ့။ ကျန်တဲ့ပါတီတွေလဲ သူတို့အင်သူတို့အားပေါ့လေ။ စည်းရုံးရေးကောင်းတဲ့နယ်မြေတွေမှာ ရနိုင်တဲ့အနေအထားရှိပါတယ်။ ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေက နံပါတ်(၁) ပေါ့လေ။ ရာခိုင်နှုန်း ၈၀၊၉၀ တော့ရမှာပေါ့။ ကျန်တဲ့ပါတီဘယ်ပါတီမဆို တိုင်းရင်းသားပါတီတွေကိုကျော်တက် ပြီးတော့ land-slide နိုင်သွားဖို့တော့မဖြစ်နိုင်ပါဘူး။ ဥပမာဆိုပါစို့- ရှမ်းမှာဆိုရင် ရှမ်း(၃) ပါတီရှိတယ်လေ။ ရှမ်းသုံးပါတီ ကို ကျော်ပြီးတော့ ဗမာပါတီတစ်ခုကို ဦးစားပေးဖို့ဆိုတာကတော့  အတော်ခက်တဲ့ကိစ္စပဲလေ။  တောင်ကြီးလို၊ မြစ်ကြီးနားလို၊ လားရှိုးလို မြို့ကြီးပေါ်မှာ  လူမျိုးပေါင်းစုံနေထိုင်တဲ့နေရာမှာတော့ လူမျိုးနဲ့ပတ်သက်တဲ့ မဲနိုင်ဖို့ဆိုတာကတော့ အားရ လောက်အောင် ရမှာမဟုတ်ဘူး။ အခြားပါတီတွေ ၀င်ပြိုင်ရင် ရနိုင်တဲ့အလားအလာတွေ ရှိတာပေါ့။ တောင်ကြီးဆိုရင် ဗမာ များတယ်။ ပအိုဝ့် ၊ ပလောင်အစုံရှိတယ်။ ရှမ်းချည်းပဲမရှိဘူး။ မြစ်ကြီးနားမှာလည်း ဒီလိုပဲ။ ကချင်ရှိတယ်။ ရှမ်းရှိတယ်။ ဗမာရှိတယ်။ အဲ့ဒီလိုရှိတဲ့နေရာတွေမှာတော့ တိုင်းရင်းသားပါတီတွေ အရေးနိုမ့်နိုင်တာပေါ့လေ။ ပြည်နယ်အလိုက်ကြည့် မယ်ဆိုရင်တော့ ရာခိုင်နှုန်း၈၀-၈၅ လောက် တိုင်းရင်းသားပါတီတွေ နိုင်ဖို့များတယ်။ ဒါကောတ့ ယေဘုယျသုံးသပ်ချက် ပေါ့။ အဲ့ဒီသုံးသပ်ချက်မှန်ပြီလားဆိုတော့ ဒီလိုလည်းပြောလို့မရပြန်ဘူး။ ရွှေးကောက်ပွဲနီးလာတဲ့အခါမှာ ပြည်သူ့သဘော ထားပြောင်းသွားနိုင်သလို ရွေးကောက်ပွဲနောက်ကွယ်မှာ ဖြစ်လာမယ့် မမြင်ရသေးတဲ့အခြေအနေတွေ၊ ဖန်တီးလှုံဆော်မှု တွေ ပေါ်လာရင်လည်း မဲအခြေအနေတွေ ပြောင်းသွားနိုင်ပါတယ်။ အခြေခံအားဖြင့်တော့ ဒီအတိုင်းပါပဲ။ ဒီအတိုင်းပေါ်မှာ အကျအနတွေရှိတယ်၊ တိုးလာတာရှိမယ်။လျှော့သွားတာရှိမယ်၊ ဒါမျိုးတွေ ရှိနိုင်ပါတယ်။

မေး။      ပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အုပ်ချုပ်မှုစနစ်အပေါ်မှာ ဘယ်လိုမြင်ပါ သလဲ။

ဖြေ။       လက်ရှိအုပ်ချုပ်ရေးစနစ်ကတော့ အပေါ်ကစပြောင်းတဲ့ နိုင်ငံရေးပုံသဏ္ဍာန်တစ်ခုပါ။  အပေါ်ကစပြောင်းတော့ အပေါ်ပိုင်းမှာပဲ ပြောင်းဖို့အတွက်ကြိုးပမ်းတာတေါ၊ အပေါ်မှာပဲ ရှိနေသေးတာပေါ့။ အောက်ကို သက်ရောက်လားဆိုတော့ အလယ်မှာရှိနေတဲ့အဆင့်မှာလည်း Mind Set တွေ မပြောင်းသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာ Military Bureaucracy အုပ်ချုပ်လာတဲ့အခါကျတော့ Commanding Parctise ပေါ့။ အပေါ်ကအမိန့်ပေးမှ လုပ်တတ်တဲ့ဟာတွေ ရှိ နေတဲံအခါကျတော့ အလယ်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေကလည်း ကိုယ်ကျိုးစီးပွားအရသော်လည်းကောင်း၊ ခေါက်ရိုးကျိုးနေတဲ့ အကျင့်အရသော်လည်းကောင်း အထက်ကအမိန့်ပေးမှ လုပ်မယ်ဆိုတဲ့ သဘောမျိုးတွေရှိနေတာကတစ်ပိုင်းပေါ့။ နောက် တစ်ချက်က လူဆိုတာက လူမှုဘ၀ဖူလုံမှုအပေါ်မှာ အတိုးအဆုတ်တွေရှိတဲ့အခါမှာ  corruption ခြစားမှု ပေါ့။ အဲ့ဒီအကျင့် ဆိုးကြီးကို ကျော်လွှားနိုင်တဲ့အနေအထားမှာလည်း လုံးဝဥဿုံး မရောက်သေးဘူး။ အောက်ခြေလုတန်းစားကျတော့ ဘာမှ ထိထိရောက်ရောက် ခံစားရတာ မတွေ့ရသေးဘူး။ အုပ်ချုပ်ရေးယန္တယားဟာ အောက်အထိမရောက်သေးဘူးဆိုတာ သွားပေါ်နေတယ်။ အန်ကယ်တို့ NDF ပါတီအနေနဲ့လည်းပဲ အခွင့်အခါသင့်တိုင်း အာဏာပိုင်တွေကို ရှင်းပြတာတွေရှိ တယ်။ ဘာလဲဆိုတော့ ခုနကပြောတဲ့အတိုင်းပေါ့။ အပေါ်မှာတစ်ဝဲလည်လည်၊ အလယ်နားမှာလည်း သိပ်မရောက်သေး ဘူး။ အောက်ခြေကို လုံးဝမထိဘူး။ ဒီလိုသာဆိုရင် ဒီအစိုးရဟာ ဟိုတုန်းကအစိုးရလိုပဲ ဘာမှမထူးတဲ့ အစိုးရဖြစ်မှာပဲလို့ ဝေဖန်မှုတွေနဲ့ပြောကြတာရှိတယ်။ ဒါကို သမ္မတက မကြာခင်ကမိန့်ခွန်းမှာ ဒီမိုကရေစီလူထုအုပ်ချုပ်ရေးစနစ် ဆိုတဲ့ဟာနဲ့ စဖော်လာတယ်။ ဖော်လာပြီးဆောင်ရွက်မယ့်သဘောတော့ တွေ့နေရပြီ။ အကယ်ပီပြင်မယ်ဆိုရင် အောက်ခြေအထိ အုပ်ချုပ်ရေး အာဏာ သက်ရောက်ပြီးတော့ ပြည်သူတွေခံစားရဖို့ အကြောင်းရှိပါတယ်။

မေး။     မြန်မာနိုင်ငံရဲ့စီးပွားရေးအပြောင်းအလဲကို အုပ်ချုပ်သူတွေက ဘယ်လောက်အတိုင်းအတာအထိ ပုံဖော်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ။       အဲ့ဒါကတော့ ဥပဒေပြုအာဏာကိုင်ထားတဲ့လွှတ်တော်က စီးပွားရေးဥပဒေအဟောင်းတွေကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် ဖျက်ပြီး အသစ်ပြုတာတွေ ရှိဖို့လိုတယ်။ အသ်ပြဋ္ဌာန်းဖို့လိုတယ်။ ပြုပြင်သင့်တာ ပြုပြင်ဖို့လိုတယ်။ ဥပဒေ အသစ်နဲ့မှသာလျှင် အုပ်ချုပ်ရေးပိုင်းကနေ ဥပဒေအသစ်အပေါ်တည်မှီပြီး ပြည်သူတွေအကျိုးရှိမယ့်လုပ်ငန်းတွေ၊ စီးပွား ရေး အကွက်အကွင်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်။ နံပတ်တစ်ကတော့ ဥပဒေပြုဖို့၊ နံပတ်နှစ်ကတော့ အုပ်ချုပ်ရေး အာဏာကိုင်ထားတဲ့ပုဂ္ဂိုလ်တွေက ပြည်သူ့ဖက်ကရပ်တည်တဲ့ဥပဒေ ပြုပြင်ပြုထားသော်လည်း ပြည်သူ့အကျိုးကိုမကြည့် ဘဲနဲ့ အစိုးရအကျိုးကိုပဲကြည့်မယ်ဆိုရင် စီးပွားရေးဥပဒေတွေကို ဘယ်လောက်ကောင်းအောင်ပြင်ထားပြင်ထား  အလယ် ကောင်မှာရှိနေတဲ့ အလယ်ကဆုံချက်ကိုကိုင်ထားတဲ့ အုပ်ချုပ်ရေးအာဏာကိုင်ထားတဲ့ပုဂ္ဂိုလ်တွေ သမာသမတ်ကျဖို့လို တယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တကယ်လိုလားတဲ့ပုဂ္ဂိုလ်တွေ ၀န်ကြီးဌာနတွေမှာရှိမှသာ ထင်ရှားမြင်သာတဲ့ အကြောင်း တွေ ပေါ်လာဖို့ အကြောင်းရှိပါတယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေးအာဏာတွေကို ၀င်ပူးမယ့်ခရိုနီတွေပေါ့။ လက်ဝေခံမျှစားမယ့်သူတွေကိုလည်း ကြိုးစားပြီးကင်းကင်းရှင်းရှင်း ဖြစ်အောင်လုပ်ဖို့လိုပါတယ်။ ထိုနည်းတူ ခေတ်အဆက် ဆက်က စားသောက်ထားတဲ့ ခရိုနီတွေပေါ့။ ရှေ့ကနေပြီးတော့ အရင်းအနှီးတွေကိုလည်း တရားဝင်စီးပွားရေးနယ်ပယ်ထဲ မှာ အသုံးချနိုင်အောင်လည်း ဥပဒေပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်ပေးဖို့ အစိုးရဖက်ကလည်း ပြင်ဆင်ပေးဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ မတရားရထားတဲ့ဟာတွေ ရှိပင်ရှိသော်လည်း ဒါတွေဟာ အများပြည်သူပိုက်ဆံပဲလေ။ အဲ့ဒီပိုက်ဆံ တွေနဲ့ ပြည်သူ့အကျိုးပြုစီးပွားရေးလုပ်ငန်း လုပ်ကွင်းလုပ်ကွက်တွေ ဖော်နိုင်အောင် ၊ ဥပဒေအသစ်တွေပြဋ္ဌာန်းပြီးတော့ ယူထားတဲ့ငွေတွေကို တရားဝင်သုံးစွဲခွင့်ရှိအောင် ဖန်တီးပေးမယ်ဆိုရင် စီးပွားရေးအရှိန်အဟုန် တက်လာမှာပဲလေ။ နိုင်ငံ ရပ်ခြားက ရင်းနှီးမြှုတ်နှံမှုတွေ ၀င်လာမယ့်ဟာတွေအတွက်လည်း သာယာတဲ့လမ်းတွေ ခင်းပေးဖို့ လိုပါတယ်။ နောက်ပြီးောတ့ ဒီအပေါ်မှာလည်း      perfect compaction ယှဉ်ပြိုင်မှုစွမ်းအား အမြင့်ဆုံးရောက်အောင်  ဖြစ်နိုင်ခြေရှိတဲ့လုပ်ကွင်း လုပ်ကွက်တွေ၊ ဥပဒေတွေကို ဖန်တီးပေးဖို့ လိုတယ်။ လက်တစ်ဆုပ်စာလူတစ်စုတည်း ကောင်းစားတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ပြည်သူတွေ အပြိုင်းအရိုင်း စီးပွားရေးလုပ်ခွင့်ရှိအောင် ပြည်နယ်နှင့်တိုင်းတွေအထိပါ လုပ်ပိုင်ခွင့်အာဏာကို ဖြန့်ထုတ်ပေး ဖို့လိုတယ်။  သဘောကတော့ နိုင်ငံက နှစ်ပေါင်း၂၀ ထက်မကနောက်ကျနေတဲ့ စီးပွားရေးကို အမြန်ဆုံးမြှင့်တင်ချင်တယ် ဆိုရင် ပြည်နယ်နှင့်တိုင်းအစိုးရတွေမှာလည်းပဲ အုပ်ချုပ်ခွင့်အာဏာ ခွဲဝေကျင့်သုံးခွင့်ပေးပြီးတော့ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ကို တိုင်းနဲ့ပြည်နယ်အသီးသီးက လုပ်ပိုင်ခွင့်၊ အစိုးရတွေရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်၊တွေကို ပြည်သူအများစုအကျိုးရှိမယ့် စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ပေးမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ အပြိုင်းအရိုင်းပေါ်လာမယ်။ တိုင်းပြည်ကလည်း တစ်ပြိုင်နက်တိုးတက်လာဖို့အကြောင်းရှိတယ်။ အဓိကကတော့ နံပတ်တစ် လွှတ်တော်ပေါ့။ နှစ်ကတော့ အစိုးရပေါ့။ သုံးကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေရဲ့ပါဝင်မှုအတိုင်းအဆ များပြားဖို့ပေါ့။ ဒါတွေက အရေးကြီးပါတယ်။

မေး။ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဘယ်လိုနိုင်ငံရေးအခင်းအကျင်း လိုအပ်ပါမလဲ။
ဖြေ။       ဒါကတော့ နှစ်ဖက်စလုံးက ရိုးသားဖို့လိုတယ်။ နှစ်ဖက်စလုံးက နိုင်ငံရေးရိုးသားမှုနဲ့ တကယ်ပဲ ငြိမ်းချမ်းရေးလိုချင်
တယ်ဆိုတဲ့ စေတနာသန့်ဖို့ လိုတယ်။ ငြိမ်းချမ်းရေးကို လိုချင်တယ်ပြောပြီး တော့ တကယ်မဟုတ်ဘဲနဲ့ အပြကောင်းရုံ လောက် အသံထွက်ပြီးတော့ တကယ့်ငြိမ်းချမ်းရေးတံခါးပေါက်ဆီ မသွားဘူးဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးရဖို့ မလွယ်ကူပါဘူး။ ငြိမ်းချမ်းရေးဖြေရှင်းတဲ့နေရာမှာ အဓိကကတော့ စစ်မှန်တဲ့ပြည်ထောင်စုပုံသဏ္ဍာန်တစ်ခုကို သွားကြမယ် ဆိုတဲ့ ကတိက၀တ်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပါဝင်နိုင်ဖို့ လိုတယ်။ အပစ်အခတ်ရပ်စဲရုံတင်မဟုတ်ဘူးပေါ့။ အပစ် အခတ်ရပ်စဲမှုရဖို့ဆိုတာကတော့ ကောင်းတာပေါ့။ အပစ်အခတ်ရပ်စဲမှုရဖို့ဆိုတာကတော့ နိုင်ငံရေးအရယုံကြည်မှုရှိမှဖြစ် မယ်။ အပစ်အခတ်ရပ်စဲသွားပြီဆိုရင်တော့ အပြစ်မဲ့ပြည်သူတွေ ဒုက္ခမရောက်တော့ဘူးပေါ့။ အန်ကယ်အမြင်ကတော့ အပစ်အခတ်မရပ်စဲနိုင်သေးသော်လည်းဘဲ ဆွေးနွေးပွဲတွေဆီ သွားဖို့လိုတယ်။ ငြိမ်းချမ်းရေးမရတာက နိုင်ငံရေးအရ မပြေလည်လို့ လက်နက်ကိုင်ပစ်ကြရတာကိုး။ ငြိမ်းချမ်းရေးမပြေလည်ဘဲနဲ့ လက်နက်ကိုင်ပစ်တာတွေ ရပ်ပြီးတော့ ခင်ဗျား စားပွဲဝိုင်းပေါ်လာဆို ဘယ်လာမလဲ။ လက်နက်ကတော့ ဘယ်ချလိမ့်ဦးမလဲ။ ပစ်ဖို့အတွက်ကတော့ ကိုင်ထားဦးမှာပေါ့။ အရေးကြီးတာက နိုင်ငံရေးပြဿနာ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ကိစ္စကို အရင်ဆုံးထိတွေ့ဖို့လိုတယ်။ Tough လုပ်ဖို့လိုတယ်။  အဲ့ဒီမှာ တန်းတူညီမျှခွင့်ရှိတဲ့နိုင်ငံဖြစ်ရမယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ အနေအထားတွေကို ဖန်တီးပေးနိုင်ဖို့ဆိုတဲ့ သဘောတူညီမှု ရှိရမယ်။ မွေးရာပါအခွင့်အရေးတွေကို အာမခံချက်ရှိတဲ့ဥပဒေတွေကို ပြဋ္ဌာန်းမယ် ဆိုတဲ့ သဘောတွေ ပါရမယ်။ နောက်ပြီး သယံဇာတတွေ၊ ပြည်နယ်နဲ့တိုင်း အချုပ်အခြာအာဏာအောက်မှာရှိနေတဲ့ သယံဇာတတွေကို ဘယ်လိုနှစ်ဖက်ခွဲဝေကျင့်သုံးမလဲဆိုတဲ့ ညှိနှိုင်းမှုတွေ ရှိဖို့လိုတယ်။ ဒါတွေပမယ်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးကို ဦးတည်ဖို့ သိပ်မခက်တော့ပါဘူး။

မေး။      ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုအပ်မယ်လို့ ထင်ပါသလား။ တကယ်လို့ လိုအပ်တယ်ဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ပြင်ရမလဲဆိုတာ ဆရာ့အမြင်ကို သိပါရစေ။
ဖြေ။       ပြင်ရမှာပဲ။ အန်ကယ်တို့ NDF ပါတီမူဝါဒမှာကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်ဆိုတာ ပါပြီးသားပဲ။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီမိုကရက်တစ်မဖြစ်တဲ့ အပိုင်းတွေ အများကြီးပါတာကိုး။ အဲ့ဒါတွေပြင်ပြီးတော့မှ ရှေ့ဆက်သွားဖို့ လိုပါတယ်။ ပြင်ခွင့်လည်းရှိပါတယ်။ အခြေခံဥပဒေအခန်း ၁၁ မှာ အခြေခံဥပဒေကို ဘယ်လိုပြင်ရမလဲဆိုတာ ပြဋ္ဌာန်းပြီး သား။ အဲ့ဒီတော့ အခြေခံဥပဒေကို မကြိုက်သော်လည်း လက်ခံပြီးတော့ ရွေးကောက်ပွဲဝင်ခဲ့ကြတာကိုး။ ရွေးကောက်ပွဲဝင် ပြီး အခြေခံဥပဒေပြင်ြ့ပီးတော့ ပြည်သူတွေကို ဒီမိုကရေစီလူ့ဘောင်ရောက်အောင် ခေါ်သွားချင်လို့ ၀င်ရတာပဲ။ အခြေခံဥပ ဒေ ပြင်မှာပါ။ ဘယ်လိုပြင်မလဲဆိုတာကောတ့ တစ်ဆင့်ချင်းပြင်သွားရမှာပေါ့။ အားလုံးတစ်ပြိုင်နက်တည်း ပြင်လို့တော့ မရဘူးပေါ့။ ဒါအားလုံးသဘောတူညီချက်နဲ့ ပြင်ရမှာလေ။ ငြိမ်းချမ်းရေးရပြီးမှပဲ အခြေခံဥပဒေပြင်လို့ရမယ်။ ငြိမ်းချမ်းရေး မရဘဲနဲ့တော့ အခြေခံဥပဒေပြင်လို့မရဘူး။ ငြိမ်းချမ်းရေးက အတားအဆီးကြီးပဲ။

မေး။      PR စနစ်ကို ဆရာ့အနေနဲ့ အရင်ဆုံးပြောတယ်လို့ ကြားရတယ်။ အဲ့ဒီစနစ်အပေါ် ဆရာအမြင်သိပါရစေ။
ဖြေ။       PR စနစ်ကို ဆရာတို့ NDF ပါတီက အရင်ဆုံးမိတ်ဆက်ပေးတာပါ။ ဒီစနစ်ကတော့ အချိုးကျကိုယ်စားပြုမဲပေး စနစ်ပါ။ ပါတီတစ်ခုက အချိုးကျစနစ်နဲ့ လွှတ်တော်ထဲရောက်နိုင်တယ်ပေါ့။ တစ်ခုတော့ရှိတယ်ပေါ့လေ။ ခရိုင်တစ်ခုမှာ လူ ၁၀သိန်း ရှိတယ်ဆိုပါတော့၊ မဲပေးတဲ့သူ ဆယ်သိန်းရှိတယ်ဆိုပါတော့။ အောက်ထစ် မဲ ၁၀ရာခိုင်နှုန်းရတဲ့ပါတီတွေကို အချိုးကျကိုယ်စားပြုစနစ်နဲ့ လွှတ်တော်ထဲပို့နိုင်တယ်။ ၁၀ သိန်းမှာ ၁၀ရာခိုင်နှုန်းဖြစ်တဲ့ မဲတစ်သိန်းတောင်မရတဲ့ပါတီက တော့ ထားရစ်ခဲ့ရမှာပါပဲ။ ဒီလိုလိုင်းသတ်မှတ်ပြီးရင် ကျန်တာတွေကတော့ မဲ ၂၀ရာခိုင်နှုန်းရရင်  ၂ ယောက်ရမယ်။ ၄၀ ရာခိုင်နှုန်းရရင် လေးယောက်ရမယ်။  ဒါဆိုရင်လွှတ်တော်ထဲမှာ ပါတီပေါင်းစုံကို ကိုယ်စားပြုပြီးဖြစ်သွားမယ်။ ပြည်သူလူထု ကြိုက်တဲ့သူမှန်သမျှ အများစုလွှတ်တော်ထဲရောက်သွားတဲ့အခါကျတော့ ပြည်သူတွေရဲ့ဆန္ဒကို အများစုကိုယ်စားပြုရာ ရောက်သွားမယ်။  ပီအာစနစ်ဟာ ပြည်သူ့ဆန္ဒကို အများစုကနေသယ်ဆောင်သွားနိုင်တဲ့ အခွင့်အရေးရမယ်။  ပြည်သူ့အသံကို လွှတ်တော်ထဲမှာ အများစုပို့ပေးနိုင်တဲ့စွမ်းရည်ရမယ်။ ပီအာစနစ်က ကောင်းပါတယ်လို့ ကျွန်တော်တို့ NDF ပါတီကပြောတာ။ ပါတီကပြောသော်လည်း ဒီစနစ်ကို  သုံးရမယ်။ ရမှရရမယ်ဆိုတဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ပါတီပေါင်းစုံကနေ စဉ်းစားပါ။ မြန်မာ့နိုင်ငံနဲ့ ကိုက်ညီသလား စဉ်းစားပါ။ လက်ရှိကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့၊ ၂၅ရာခိုင်နှုန်းကိစ္စဆိုတာတွေကို ချင့်တွက်ပြီးတော့ ပီအာစနစ်ကို ဘယ်လိုသုံးနိုင်မလဲဆိုတာ စဉ်းစားလို့ရအောင် ပေးလိုက်တာပဲလေ။ စဉ်းစားပေါ့။ ပြည်နယ်မှာမသုံးစေချင်ဘူးဆိုရင် ပြည်မမှာပဲသုံး။ ပြည်မမှာဆိုရင် ဘယ်လိုသုံးမလဲ။ အချိန်ယူစဉ်းစားပြီးတော့ မြန်မာနိုင်ငံနဲ့ သင့်တော်တယ်ဆိုရင် သုံးပေါ့။ ကမ္ဘာနိုင်ငံတွေမှာ နိုင်ငံ ၉၀ ကျော်က သုံးနေပြီ။ ဂျာမဏီမှာလည်း ပီအာစနစ်နဲ့လုပ်ထားတာပဲ။ ပြည်ထောင်စုစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ပီအာစနစ် က ပိုပြီးတော့ကောင်းတယ်လို့ ယူဆစရာ ရှိပါတယ်။

မေး။      အာဏာရှိတဲ့အုပ်ချုပ်သူနဲ့ သြဇာရှိတဲ့အုပ်ချုပ်သူ တစ်ထပ်တည်းကျတယ်ဆိုရင် တိုင်းပြည်ကတိုးတက်တယ်လို့ ပြောတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။       အုပ်ချုပ်သူမှာ အာဏာရှိတယ်ဆိုရင်လည်းပဲ ဒါက အခြေခံဥပဒေက ပေးထားတဲ့အခွင့်အာဏာထဲမှာပဲ ရှိရမယ်။  သြဇာရှိတဲ့အုပ်ချုပ်သူရတော့ ပိုကောင်းတာပေါ့။ ပြည်သူလူထုက ကြိုက်တာပေါ့။ ကြိုက်တဲ့ပဂ္ဂိုလ်ဆိုင်ရင်တော့ ပြောတဲ့ ဟာ အရာရောက်တာပေါ့။ အချို့အခက်အခဲတွေကို ကျော်လွှားသွားနိုင်တဲ့သဘောရှိတယ်။ အာဏာရှတဲ့အုပ်ချုပ်သူနဲ့ သြဇာရှိတဲ့အုပ်ချုပ်သူ တစ်ထပ်တည်းရမယ်ဆိုရင်တော့ နည်းနည်းကြောက်စရာကောင်းတယ်။ သြဇာရော၊ အာဏာပါရှိ သွားတဲ့အခါ သူသာမမှန်မကန်လုပ်မယ်ဆိုရင်တော့ ပြည်သူတွေခံရမှာပဲလေ။ ဘယ်လောက်ပဲသြဇာရှိရှိ၊ အာဏာရှိရှိ  အခြေခံမူဘောင်တွေကို မကျော်တဲ့ခေါင်းဆောင်မျိုးပဲ လိုချင်ပါတယ်။ ဒါမှလည်း ပြည်သူတွေလှုပ်သာလှည့်သာရှိမှာလေ။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက နိုင်ငံရေးဆုံးဖြတ်ခွင်တွေမှာ ပြည်သူတွေကိုယ်တိုင်ပါရမယ့်ဟာ။ ဒီမိုကရေစီပဲလေ။ ဆုံဖြတ်ခွင့်ပြည်သူမှာရှိတယ်။ အစိုးရအဖွဲ့ခေါင်းဆောင်ဆိုတာ လေးနှစ်၊ ငါးနှစ်ပဲခံမှာ။ အချုပ်အခြာအာဏာက ပြည်သူမှာပဲ ရှိတယ်။ အရေးကြီးတာက သြဇာရှိတဲ့ခေါင်းဆောင်က လိုအပ်တဲ့ဟာကတော့ တော်လှန်ရေးကာလတွေမှာလိုတာ။ ဗိုလ် ချုပ်အောင်ဆန်းလိုပေါ့။ အဲ့ဒီတုန်းက တိုက်ခံတာက လွတ်လပ်ရေးရဖို့။ သြဇာရှိတဲ့ခေါင်းဆောင်ဆိုတော့ အားလုံးစုရပ်လိုက်ရင် အမျိုးသားအင်အားဖြစ်တာပေါ့။ အာဏာရှိတဲ့ခေါင်းဆောင်ကျတော့ အာဏာကိုင်စွဲသူရဲ့ ပကတိဥပဓိရုပ်က မှန်ကန်တယ်ဆိုရင် ဟုတ်တာပေါ့။ ဦးသန်းရွှေလိုဟာမျိုးကျတော့ ကြောက်စရာကောင်းတယ်။ သူ့ရဲ့ တစ်ကိုယ်ရည်တည်မြဲမှုသက်တမ်းရှည်မှုကိုပဲ ကြည့်သွားတာကိုး။ သူအုပ်ချုပ်တဲ့သက်တမ်းမှာ သြဇာနဲ့အာဏာရှိတော့ သိပ်ပြီးတော့ ဒီမိုကရေစီခေတ်နဲ့ မကိုက်ညီပါဘူး။ အာဏာဆိုတာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ဖြစ်ရမယ်။ အာဏာဆိုတာ အဲ့ဒီပုဂ္ဂိုလ်ရဲ့ ကိုယ်ပိုင်လက်နက်မဖြစ်ရဘူး။ ဒါဆိုရင် အန်ကယ်တို့ လက်ခံတာပေါ့။

မေး။      မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ဘယ်လောက်အတိုင်းအတာအထိ ရောက်နေပြီလို့ ထင်ပါသလဲ။
ဖြေ။       အခုမှ ခြေလှမ်း စလှမ်းရုံပဲ ရှိပါသေးတယ်။ မရောက်သေးပါဘူး။ အခုမှ ခတ်ကွင်းပြင်တုန်း၊ခေါ်တာပေါ့။ တံခါး တောင် ခေါက်ပြီး မ၀င်ရသေးပါဘူး။ သွားမယ်ဆိုပြီး အားယူတဲ့အချိန်ပဲ ရှိပါသေးတယ်။ အဲ့ဒီတော့ စည်းမျဉ်းစည်းကမ်းတွေ နဲ့ ဘယ်လိုသွားရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းကို  FRAME WORK ချတုန်းပဲရှိပါသေးတယ်။ ပြည်သူတွေ မှာ Political Eduaction ရှိရမယ်။ ဒီမိုကရေစီဆိုတာ ဘာလဲလို့ ပြည်သူတွေသိရမယ်။ ဒီမိုကရေစီယဉ်ကျေးမှုကို သိရမယ်။ ငါလိုချင်တာ ရရမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ သွားရင် ဒီမိုကရေစီမဟုတ်ဘူး။ အများစုဆန္ဒနဲ့ ညီညွန်မျှတအောင် သွားဖို့လိုသ လို အနည်းစုဆန္ဒကိုလည်း မပစ်ပယ်ရဘူး။ အနည်းးစုအခွင့်အရေးကိုလည်း ကာကွယ်တဲ့သဘောထားတွေ ရှိရမယ်။ မျှမျှတတ ညီညီညွတ်ညွတ်နဲ့ သည်းခံစိတ်ရှည်စွာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အကျင့် ရှိရမယ်။မျှဝေခံစားနိုင်ရမယ်။ သူရဲ့အဓိကအုတ်မြစ်က လွတ်လပ်မှုပဲ။ အခြေခံအနှစ်သာရကတော့ အချုပ်အခြာအာဏာကို ပြည်သူပိုင်တယ်။ ပြည်သူ့ အုပ်ချုပ်မှုစနစ်ဟာ ဒီမိုကရေစီပဲ။ လူလတ်တန်းစားအများစုရှိတဲ့တိုင်းပြည်က ဒီမိုကရေစီမြန်မြန်ရောက်တာပေါ့။ အခြေခံ လူတန်းစားတွေများနေရင် ဒီမိုကရေစီလည်းမသိ။ မင်းလောင်းမျှော်ဝါဒနဲ့ ငါတို့အတွက် ဘယ်သူကဘာလုပ်ပေးရမယ် မျှော်နေတာနဲု့ကို ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ခွင့်နဲ့ ကိုယ်တိုင်ပါဝင်ပတ်သက်ရမယ်ဆိုတာကို နားမလည်ဘဲနေလို့ရှိရင် တစ်ချိန်မှာ အာဏာရှင်ပြန်ဖြစ်သွားမှာပဲ။ အာဏာရှင်စနစ်က ပြန်ပေါ်လာမှာပဲ။ ကိုယ်ကမယူရင် အုပ်ချုပ်တဲ့သူက ယူသွား မှာပဲ။ ဒီလိုတွေမဖြစ်အောင်လူတွေက ပညာတတ်မှရမယ်။ နောက်ဆုံးအဆင့်  သတင်းစာဖတ်ရမယ်။ ဝေဖန်နိုင်တဲ့ ဦးနှောက်ရှိရမယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ရမယ်။ မဲရုံတွေကို သွားချင်တဲ့စိတ်ရှိရမယ်။ ငါတို့မဟာ မဲပြားတစ်ပြားတိုင်း တစ်ပြားတိုင်း တန်ဖိုးရှိတယ်။ အုပ်ချုပ်မှုအာဏာ၊ ဥဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေဟာ မဲပြားတိုင်းမှာ ပါတယ်ဆိုတာ ခံစားနားလည်ရမယ်။ ပြီးပြီးရောသွားထည့်လို့ရှိရင် ကိုယ့်ရဲ့အချုပ်အခြာအာဏာပိုင်ခွင့်တွေ ဆုံးရှုံးသွားမယ်။ အဲ့ဒီလူဟာ ကောင်းရဲ့လား၊ ဒီပါတီတော်ရဲ့လား။ ရွေးကောက်ပွဲပြီးလို့ရှိရင် ငါတို့ကို ညာနေမှာလား။ သူ့ကို အားကိုးရမှာ လား။ ဆိုတာတွေကို ပြန်လှန်သုံးသပ်ပြီးတော့ မှန်မှန်ကန်ကန်မဲပေးမှသာ ကိုယ့်မဲကို ကိုယ်ရမယ်။ အဲ့ဒိလိုမဟုတ်ရင် ကိုယ့်မဲကို အုပ်ချုပ်သူက ယူသွားလိမ့်မယ်။ အဲ့ဒါ ဒီမိုကရေစီရဲ့လိုအပ်တဲ့ အချင်းအရာတွေပဲ။

ခုလိုဖြေကြားပေးတဲ့အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment