(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် တစ်ဦးဖြစ်တဲ့
ဦးခင်မောင်ဆွေဟာ ပါတီ မှတ်ပုံတင်ရေးကို လိုလားသူ အဖြစ် လူသိများသူ
ဖြစ်ပါတယ်။ ပါတီရှေ့ရေးနဲ့ ပတ်သက်ပြီး၊ မှတ်ပုံမတင်ရေး ဆုံးဖြတ်တဲ့
အစည်းအဝေးနဲ့ ပတ်သက်ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထုတ် လျှပ်တစ်ပြက်
သတင်း ဂျာနယ်မှာ တွေ့ဆုံမေးမြန်း ထားတာကို မျှဝေပေး လိုက်ပါတယ်။)
ဦးခင်မောင်ဆွေ၏ ကိုယ်ရေးအကျဉ်း
ဦးခင်မောင်ဆွေကို ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ဗုဒ္ဓဘာသာ
မိဘနှစ်ပါး ဖြစ်သော ဦးမောင်အေး၊ ဒေါ်တင်ကြည်တို့မှ ဧရာဝတီတိုင်း၊
ငါးသိုင်းချောင်းမြို့တွင် မွေးဖွားခဲ့သည်။ ဦးခင်မောင်ဆွေသည် ၁၉၈၈ ခုနှစ်၊
ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ရေနံမြေပေါင်းစုံ အလုပ်သမား သမဂ္ဂများကို
ဦးဆောင် ပါဝင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ
အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူ တာဝန်ပေးချက် အရ ၁၉၈၈
အောက်တိုဘာတွင် ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ် အဖွဲ့ချုပ် တာဝန်များကို စတင်
ထမ်းဆောင်ခဲ့သည်။ ပထမအကြိမ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ မကွေးတိုင်း
စည်းရုံးရေး တာဝန်ခံအဖြစ် တာဝန် ပေးအပ်ခြင်း ခံရပြီး မကွေးတိုင်း
(၂၅)မြို့နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများကို လှုပ်ရှား ဆောင်ရွက်ခဲ့သည်။
ရန်ကုန် တက္ကသိုလ်တွင် ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ ပညာ သင်ကြားခဲ့ပြီး
ဘီအက်စ်စီ (ဘူမိဗေဒဘွဲ့)ကို ရေနံလုပ်ငန်း ဆိုင်ရာ ဘာသာတွဲဖြင့် ရရှိခဲ့သည်။
ရန်ကုန် တက္ကသိုလ်တွင် ပညာ သင်ကြားစဉ် ပုသိမ်ခရိုင် ကျောင်းသားများ အသင်း
စည်းရုံးရေးမှူး၊ ဘာသာရပ်ဆိုင်ရာ အသင်းများ၏ အမှုဆောင်အဖွဲ့ဝင်နှင့် ရန်ကုန်
တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့ဝင်အဖြစ် ၁၉၆၂ ခုနှစ် ကျောင်းသား
လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် မြန်မာ့ ရေနံကော်ပိုရေးရှင်း၌ အလုပ်သင် အရာရှိအဖြစ်
စတင် ထမ်းဆောင်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာပြည်အနှံ့
ရေနံရှာဖွေ တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
၁၉၇၈ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသော ရေနံတွင်း တူးဖော်ရေးနှင့်
ရေနံတွင်း ပေါက်ကွဲမှု ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းခွင် သင်တန်းသို့
တက်ရောက်ခဲ့သည်။ ၁၉၈၆ ခုနှစ်၌ အမေရိကန်နိုင်ငံ၊ တက်ဆက်စ်ပြည်နယ်၊ တဲလ်ဆာ
တက္ကသိုလ်တွင် ရေနံ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းနှင့် ရေနံမြေ
ဖွံ့ဖြိုးခြင်း ဆိုင်ရာ ဒီပလိုမာအဆင့် သင်တန်းကို တက်ရောက်
အောင်မြင်ခဲ့သည်။
အထက်မြန်မာပြည် ရေနံမြေများ ဖွံ့ဖြိုးရေးနှင့် ရေနံနှင့် သဘာဝ
ဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အကြီးတန်း ဘူမိဗေဒအရာရှိအဖြစ် တာဝန်
ထမ်းဆောင်နေစဉ် ဒီမိုကရေစီ လှုပ်ရှား တောင်းဆိုမှုကြီး ပေါ်ပေါက်လာရာ ချောက်၊
ရေနံ ချောင်း၊ ပြည်၊ မြန်အောင်၊ မန်းနှင့် ထောက်ရှာပင် ရေနံမြေ
အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး အလုပ်မှ ရပ်စဲခြင်း
ခံရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် လည်းကောင်း၊
စမ်းချောင်းမြို့နယ် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့၍ ၁၉၈၉ ခုနှစ်၊ ဇူလိုင်
(၂၀)ရက်နေ့ နံနက်ပိုင်း တားဆီးမခံရမီ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်
တိုးချဲ့ ဖွဲ့စည်းပေးခဲ့သော ဗဟိုအလုပ် အမှုဆောင် အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်
တိုးမြှင့် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၉၀ ခုနှစ်၊ အောက်တိုဘာ ၂၂
ရက်နေ့တွင် အထိန်းသိမ်းခံခဲ့ရပြီး ၁၉၉၂ ခုနှစ် မေ ၁ ရက်နေ့တွင် ပြန်လည်
လွတ်မြောက်လာသည်။ တစ်ဖန် ၁၉၉၄ ခုနှစ်၊ ဇူလိုင်လတွင် ထပ်မံ
အထိန်းသိမ်းခံရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်
လာသည်။ ယခုအခါ သားသမီး နှစ်ယောက်နှင့်အတူ ရန်ကုန်မြို့၊
စမ်းချောင်းမြို့နယ်၊ ရွှေလ၀န်းလမ်းတွင် နေထိုင်လျက် ရှိသည်။
နိုင်ငံရေးကို ဆက်လုပ်သင့်တယ်လို့ ခံယူထားသူ ဦးခင်မောင်ဆွေနှင့် တွေ့ဆုံခြင်း
၂၀၁၀ ဧပြီလ (၂၈)ရက်နေ့တွင် ဦးခင်မောင်ဆွေ နေအိမ်သို့ ရောက်ခဲ့သည်။
ဦးခင်မောင်ဆွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်စဉ်ကတည်းက
ပါဝင်ခဲ့သူ ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ်မှ ၀င်ရောက်
အရွေးခံခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်
ပါတီကို ထပ်မံ မှတ်ပုံမတင်ဘဲ နေခဲ့သည့် အချိန်တွင် ပါတီကို မှတ်ပုံတင်ပြီး
၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ချင်သည့်သူ အချို့ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်တွင် ရှိနေခဲ့ပေသည်။ ယင်းအထဲတွင် NLD ဗဟိုအလုပ် အမှုဆောင်လည်း
ဖြစ်၊ ပါတီ ပြောခွင့် ရသူလည်း ဖြစ်သူ ဦးခင်မောင်ဆွေလည်း တစ်ယောက် အပါအ၀င်
ဖြစ်သည်။ နိုင်ငံရေး ထောင်ချောက်လို့ ဆိုရမလား။ “၂၀၁၀ မတ်လ (၂၉)ရက်နေ့မှာ
ကျင်းပခဲ့တဲ့ ဗဟိုဦးစီး အဖွဲ့ဝင် (၁၀၀)ကျော် တက်ရောက်ပြီး နောက်ဆုံး
ဆုံးဖြတ်ချက်ကတော့ မှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲ မ၀င်ရေးကို ဆုံးဖြတ်ပေး
လိုက်ပါပြီ။ ဒါကြောင့် ၂၂ နှစ်ကြာ ရပ်တည်ခဲ့တဲ့ လူထု အခြေပြု ပါတီကြီးဟာ
အဖွဲ့ဝင်တွေရဲ့ ဆန္ဒအရ ဥပဒေတွင်း တိုက်ပွဲလမ်းပေါ်မှာ ပြိုလဲသွားပြီ
ဖြစ်ပါတယ်”လို့ ဦးခင်မောင်ဆွေက ပြောဆို ရေးသားခဲ့တဲ့ စာတွေလည်း
မှတ်တမ်းအနေနဲ့ ကျန်ရှိခဲ့ပါပြီ။ NLD က ရွေးကောက်ပွဲ မ၀င်ဘူး
ဆုံးဖြတ်လိုက်တဲ့ အတွက် အမှန်အကန် လုပ်ပေး နိုင်မယ့်သူဟာ ဘယ်သူတွေလဲ၊
ဘယ်သူတွေကို အားကိုးရမလဲ၊ ၂၀၁၀ ကို ဘယ်လို ဖြတ်သန်း ကြမလဲဆိုတဲ့
အမေးကိုတော့ ဘယ်သူမှ မဖြေနိုင်ခဲ့ကြပါဘူး။ မေ (၆)ရက်နေ့ နောက်ပိုင်းမှာ
ဦးခင်မောင်ဆွေတို့ ရပ်တည်ချက် သဘောထားများကို သိချင်တဲ့ သူများလည်း
ရှိသလို၊ ဦးခင်မောင်ဆွေဟာ ပါတီထောင်ပြီး သူ့ဘာသာသူ ရပ်တည်မလား
ဆိုတာကိုလည်း သိချင်နေကြတဲ့ သူတွေ ရှိလာပါတယ်။ ဦးခင်မောင်ဆွေ၏ ရပ်တည်ချက်၊
နိုင်ငံရေးအယူအဆ၊ နိုင်ငံရေး အတွေး အခေါ်များကို သိရှိနိုင်ရန် အတွက်
ဦးခင်မောင်ဆွေနှင့် စကားပြော ဖြစ်ခဲ့သည်များကို လျှပ်တစ်ပြက် ပရိသတ် အတွက်
ဖော်ပြပေး လိုက်ပါသည်။
မေး။ ။ ၂၉ ရက်နေ့က ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ပါတီ မှတ်ပုံတင်ဖို့
ပြောခွင့်ရရင် ပြောဖို့ကော အစီအစဉ် ရှိလား၊ ဦးခင်မောင်ဆွေ ဆန္ဒကို
လွတ်လပ်စွာ ပြောဆိုဖို့လည်း အစီအစဉ် ရှိလား။
ဖြေ။ ။ ဒီလိုဗျ။ ကျွန်တော်တို့ မသိဘဲနဲ့ ဘယ်သူတွေက ဆုံးဖြတ်ပြီးတော့
ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တွေကို စကားပြောခွင့် မပေးဘူး ဆိုပြီးတော့
ဆုံးဖြတ်လိုက်လည်း မသိဘူးပေါ့။ ကျွန်တော့် စိတ်ထင်တော့ ကျွန်တော်တို့
ပြောရလို့ရှိရင် ပါတီ မှတ်ပုံတင်ရေး ဆိုတာ ပါလာမယ်လေ။ ဒါကို
ကျွန်တော်တို့ကို ပြောခွင့်ပေးလိုက်ရင် မှတ်ပုံတင်ရေး ထပြောလိုက်လို့
ရှိရင် မှတ်ပုံမတင်ရေး ပြောမယ့်သူတွေနဲ့ အငြင်းအခုန် ဖြစ်ပြီး ပွဲဆူမှာကို
မလိုလားလို့လား။ ဒါမှမဟုတ် မှတ်ပုံမတင်ရေးကိုပဲ ပီပီပြင်ပြင်
ရောက်ရှိသွားအောင် ကျွန်တော်တို့ရဲ့ အယူအဆတွေကို အမြင်တွေကို မပြုဖို့
ကန့်သတ်တာလား ဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင်လည်း မသိပါဘူး။ စီအီးစီမှာ
ဆုံးဖြတ်ပြီးတော့ မပြောနဲ့လို့ ပြောကြား ထားတာ မရှိပါဘူး။ အဲဒီ့နေ့က
ဗဟိုဦးစီး အဖွဲ့တွေ ဆွေးနွေးပြီးတော့ အားလုံး ကုန်တော့မှ ပွဲကိုရပ်နားတယ်။
အဲဒီမှာ အပေါ်ကို တက်ပြီး ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တွေချည်းပဲ
ဆွေးနွေးပြီးတော့ အဲသလို ပြောခွင့်မပေးဘူး ဆိုတာကို မကျေနပ်ဘူး ဆိုတာကို
စကား သန့်သန့် ကြားရတယ်။ ပြောချင်သေးလား ဆိုတော့ အချိန်က အရမ်း
နောက်ကျသွားပြီး။ ပြောရမှာက အားလုံး ဆန္ဒမယူခင်မှာ ကြိုတင်ပြီးတော့
ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဖို့ လိုတယ်။
နိုင်ငံရေးမှာ အချိန်က အဓိက ကျတယ်မဟုတ်လား။
မေး။ ။ အဲဒီ့နေ့က အန်ကယ် ဦးအောင်ရွှေက မလာဘူးဆိုတာ၊ ကျန်းမာရေးကြောင့်လား၊ တခြား ဘာအကြောင်းများ ရှိသေးလဲဆရာ။
ဖြေ။ ။ ဒါကတော့ သူမှပဲ သိနိုင်မယ်လေ။ သူ့ရဲ့ ဆရာဝန် ဒေါက်တာ သန်းဝင်း
အပြောအရတော့ နေမကောင်းဘူး ပြောတယ်။ နေမကောင်းလို့ မလာဘူးဆိုတဲ့ သဘောမျိုး
ကျွန်တော်တို့ ကြားရတယ်။
မေး။ ။ မေ (၆)ရက် နောက်ပိုင်းမှာ ဆရာ ဦးခင်မောင်ဆွေ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလည်း ပြောလို့ရရင် ပြောပြပေးပါဆရာ။
ဖြေ။ ။ အဲဒါကတော့ မပြတ်ဘူးဗျ။ ဘာလို့မပြတ်လည်း ဆိုတော့
ကျွန်တော်တို့ကတော့ ရှင်းတယ်။ မှတ်ပုံတင်ဖို့ လိုအပ်တယ်။ မှတ်ပုံတင်ပြီး
ရှေ့နိုင်ငံရေး လမ်းကြောင်းကို သွားကြဖို့ပေါ့။ ရွှေဂုံတိုင်မှာပါတဲ့
အတိုင်း ဒီမိုကရေစီတိုက်ပွဲမှာ ရွေးကောက်ပွဲဆိုတာ ဖြတ်ကျော်ရမှာ ဖြစ်တယ်။
ပြည်သူလူထုနဲ့ တစ်သားတည်း ရှိနေရမယ်ဆိုတာ ပါတယ်။ အဲဒီဟာ ရေးတုန်းက
မဟာဗျူဟာလို့ သတ်မှတ်လို့ရတဲ့ အချက်သုံးချက်ဟာ ပါတီနိုင်ငံရေး ဘောင်ထဲက
ရေးထားတဲ့ သဘောထားတွေ ဖြစ်တယ်။ ပါတီနိုင်ငံရေး ဘောင်ထဲက ရေးထားတဲ့
အခါကျတော့ ပါတီမှတ်ပုံ မတင်ဘဲနဲ့ သွားလို့ရှိရင် ဒါတွေကို သုံးလို့ရတယ်လို့
ယူဆလို့ မရဘူး။ ဒါတွေဟာ ပါတီနိုင်ငံရေး ဘောင်ထဲက ဒီမိုကရေစီ တိုက်ပွဲကို
ဘယ်လိုနည်းနဲ့မှ မစွန့်ခွာဘူး ဆိုတာ ပြောထားတာ။ ရွေးကောက်ပွဲ
ရှိလို့ရှိရင်လည်း ဖြတ်ကျော်မှာပဲ။ ပြည်သူလူထုက မဲဆန္ဒပေးလို့ ရှိရင်လည်း
ယူလိုက်မှာပဲ။ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီ စနစ်မှာ ဖြတ်သန်းရမယ့်
မှတ်တိုင် ဖြစ်တယ်ဆိုတာ ပါတီ နိုင်ငံရေးအခြေခံနဲ့ ရေးထားတာ ဖြစ်တဲ့
အခါကျတော့ ကျွန်တော်တို့ဘက်က ရှင်းပါတယ်။ ကျွန်တော်တို့က မှတ်ပုံတင်ရေး
အတွက် ဒီဟာတွေကို ကိုင်စွဲထားတာပဲ။ ဒါပေမယ့် တစ်ဖက်မှာက ပါတီမှတ်ပုံ
မတင်ဖို့ကို ပြောထားတဲ့ အခါကျတော့ အစတုန်းကတော့ မသိဘူးလေ။ အခုတော့
ပေါ်လာပါပြီ။ ကျန်ခဲ့တဲ့ အစည်းအဝေးကို ကျွန်တော် တက်ပါတယ်။ အဲဒီအစည်းအဝေးမှာ
သဘာပတိ အဖြစ် ဆောင်ရွက်တဲ့ ဦးတင်ဦးက ပြောတယ်။ (၆)ရက်နေ့ကျော်လို့
ရှိရင်လည်း ပါတီဆိုင်းဘုတ်နဲ့ အလံက ဆက်ရှိနေမယ်။ အဲဒီမှာ ကျွန်တော်တို့ထဲက
လူတစ်ယောက်က ထပြောတယ်။ ဟုတ်ပြီ အိမ်ရှင်ကမှ သဘောမတူရင်လို့ ရှိရင် ဘယ်လို
လုပ်မလဲပေါ့။ အိမ်ရှင်က သဘောမတူဘဲ သော့ခတ် လိုက်ရင် အဲဒီသော့ကို
ချိုးဝင်မလားလို့ ဆွေးနွေးတယ်။ အိမ်ရှင် သဘောထားကို မသိရသေးတဲ့ အတွက်
အဲဒီနေ့ကတော့ ပြတ်မသွားဘူးဗျ။ ဟုတ်ပြီ ဆက်ရှိမယ် ဆိုလို့ရှိရင် ဘယ်လို
သဘောနဲ့ ရှိမှာလဲလို့ ကျွန်တော်က မေးတယ်။ နိုင်ငံရေးလုပ်မှာလား။
မရှိပါဘူးတဲ့။ နိုင်ငံရေး မလုပ်ပါဘူးတဲ့။ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ NLD
ကို မူပြောင်းမယ်ဆိုရင် ကျွန်တော် လုံးဝ လက်မခံဘူး။ နိုင်ငံရေးးလုပ်တဲ့သူက
လူမှုရေး လုပ်စရာ မလိုဘူး။ နိုင်ငံရေးလုပ်ခဲ့လို့ပဲ ၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲ ရလဒ်ကို ကိုင်စွဲပြီး နှစ် ၂၀ နီးပါး ရပ်တည်ခဲ့တာ မဟုတ်လား။
ဗိုလ်ချုပ် အောင်ဆန်းခေတ်က နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အစရှိတာတွေကို တိုက်ပွဲဝင်လာတဲ့ ခွပ်ဒေါင်း
တံဆိပ်ကို၊ အလံကို အခုကျမှလာပြီး HIV/ AIDS အတွက် အသုံးချဖို့ တခြားလူမှုရေး
လုပ်ငန်းတွေကို ဒီအလံတော် အောက်မှာ လုပ်မယ် ဆိုရင် ဒါဟာ မသင့်တော်ပါဘူး။
ခွပ်ဒေါင်းအလံရဲ့ အမှတ်လက္ခဏာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်။ မိမိတို့ရဲ့
နိုင်ငံရေး သိက္ခာကို မိမိတို့ဘာသာ ဆွဲချရာ ရောက်တဲ့အတွက်ကြောင့် ကျွန်တော်
လုံးဝ လက်မခံပါဘူး။ အဲဒီလို လုပ်ရင် ဆန့်ကျင် ပါတယ် ဆိုတာကို ပြောခဲ့တယ်။
ဆိုင်းဘုတ် နောက်ခံနဲ့ မလုပ်ဘူး ဆိုရင်တော့ ကျွန်တော် ကန့်ကွက်စရာ
မရှိပါဘူးလို့လည်း ပြောခဲ့သေးတယ်။
မေး။ ။ ဆရာ့အယူအဆကို သဘောတူတဲ့သူတွေ ရှိလား။
ဖြေ။ ။ ရှိတာပေါ့ဗျာ။ ဒေါက်တာ သန်းငြိမ်းတို့၊ ဦးသိန်းညွန့်တို့ စသဖြင့်ပေါ့။
မေး။ ။ မေ (၆)ရက်ကျော်လို့ရှိရင် ဦးခင်မောင်ဆွေတို့ အနေနဲ့ ပါတီထောင်ဖို့ကော အစီအစဉ်ရှိပါသလား။
ဖြေ။ ။ ဆက်လုပ်သင့်တယ် လို့တော့ ကျွန်တော်တို့က ခံယူပြီးပြီ။
မပြီးဆုံးသေးတဲ့ ဒီမိုကရေစီရေးကိုတော့ ပြည်သူနဲ့ တိုင်းပြည်အတွက်က
တာဝန်မကျေခဲ့ကြဘူးလေ။ အဲဒီ နိုင်ငံရေး တာဝန်ကို ဆက်ထမ်းဖို့ အတွက်
နိုင်ငံရေးကတော့ ဆက်လုပ် ရမယ်ဆိုတာကို ကျွန်တော် လက်ခံတယ်။ လုပ်တဲ့အခါမှာ
တစ်သီးပုဂ္ဂလ လုပ်မလား၊ ပါတီထောင်မလား ဆိုတာကို မေ (၆)ရက် မတိုင်ခင်
ကျွန်တော်တို့က ထုတ်မပြောဘူး။ ဘာလို့ ထုတ်မပြောလဲ ဆိုတော့ ပုဂ္ဂိုလ်ရေး
မာနတွေ၊ အရှိန်အ၀ါတွေကို သုံးပြီး မပြောတာ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ
ရိုးသားမှု ရှိရမယ်ဆိုတာကို နားလည်ပါတယ်။ ပြည်သူကို အသိပေးရမယ် ဆိုတာကိုလည်း
အလေးအနက် ခံယူပါတယ်။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ
အပြင်မှာ မရှိဘူး။ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံပြီးတော့
အဖွဲ့ချုပ် တည်ထောင်တဲ့ထဲမှာ ပါဝင် လာခဲ့ကြတယ်။ ထိုနည်းတူစွာပဲ NLD ကို
သစ္စာခံပြီးတော့ နှစ် ၂၀ ကျော် ဒုက္ခသုတ်ခတွေ ခံပြီးတော့ လုပ်လာခဲ့ကြတာ
အခုကျမှ NLD မှတ်ပုံတင်ရေး မတင်ရေး ကိစ္စမပြတ်ခင်မှာ သစ္စာခံဖို့ကို
ဖောက်ဖျက်ပြီးတော့ ကျွန်တော်တို့က ဘာကိုမှ မပြောချင်ဘူး။ ဒါ ကျွန်တော့်ရဲ့
ဆန္ဒပါ။ စည်းထားတဲ့ သဘောကြောင့်မို့ မပြောတာပါ။ နိုင်ငံရေးကို
ဆက်လုပ်သင့်တယ် ဆိုတာကို ခံယူထားတယ် ဆိုတော့ မှန်းဆလို့ ရမှာပါ။
interviewed by မင်းအောင်အောင်
No comments:
Post a Comment